နိုဝင်ဘာ ၂၈ ၊ မိုးညှင်း
မိုးညှင်းမြို့အနီး ထန်းတပင်ကျေးရွာ ရွှေသစ်ပင်ကျောင်းတိုက်အနီးမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်မှာ ရွှေသစ်ပင်ဘုန်းကြီးကျောင်းရှေ့လမ်းအတိုင်းဝင်လာတဲ့ KIA တပ်တွေနဲ့ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ ည ၁၁ နာရီဝန်းကျင်လောက်မှာ ဒီရွှေသစ်ပင် သဲတိုက်တဲ့နေရာနားမှာပဲ၊ အသေအပျောက်ကတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် နှစ်ဖက်အထိအခိုက်ကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
ည ၁၁ ဝန်းကျင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထန်းတပင်ကျေးရွာသားတချို့ ညတွင်းချင်း တိမ်းရှောင်ထွက်ပြေးမှုတွေပြုလုပ်ခဲ့ကြပြီး နိုဝင်ဘာ ၂၈ ရက်နေ့မှာ နေအိမ်သို့ပြန်လည်နေထိုင်ကြပြီလို့ သိရပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၈ ရက််နေ့မှာ စစ်ကောင်စီတပ်တွေဟာ မိုးညှင်းမြို့ရှောင်လမ်း၊ ထန်းတပင်ကျေးရွာအနီး နဲ့ မြို့တွင်းမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတယ်လို့လည်း ဆိုပါတယ်။
မိုးညှင်းမြို့မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဗုံးကွဲမှုတွေ ၊ ဖောက်ခွဲသံတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။