မတ် ၉ ၊ မိုးညှင်း
မိုးညှင်း- ဟိုပင် လမ်းရှိ ညောင်ကုန်းကျေးရွာ အကျော်မှာ အမျိုးသမီးတစ်ဦး ကို အမျိုးသား(၃)ဦးမှ မတ်လ ၇ ရက်နေ့ ညနေ ၆နာရီဝန်းကျင်တွင် အကြမ်းဖက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါအမျိုးသမီး ဆိုင်ကယ်စီးနှင်းမောင်းနှင်လာစဉ် အမျိုးသား(၃)ဦး လိုက်ပါစီးနှင်းလာသော ဆိုင်ကယ်တစ်စီးဟာ ၎င်းအမျိုးသမီးကို ဆိုင်ကယ်ပေါ်မှ တွန်းချလဲ၍ ဆိုက်ကယ်၊ လက်ကိုင်ဖုန်း၊ ငွေသား၈သိန်းကျော် ၊ ဖုန်းအတွင်းရှိ Wave money( ၁၀ )သိန်းကျပ်တို့ကို လုယက်ယူဆောင်သွားသည်ဟု လုယက်ခံရသူအမျိုးသမီးမှ ပြောပြပါတယ်။
“ ညနေပိုင်းဆိုတော့ လူရှင်းနေတော့ ပတ်ဝန်းကျင်ကအော်ခေါ်သံမကြားပါဘူး ဆိုင်ကယ်ကို ဆောင့်လဲသလိုဖြစ်တော့ လဲသွားတာ သုံးယောက်တစ်ယောက်ဆိုတော့ ဘယ်လိုမှပြန်လိုက်လို့မမိတော့တာပါ” ဟု သူမ၏လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုထားပါတယ်။
ဒီလိုလုယက်မှုပြုလုပ်သူ အမျိုးသားသုံးဦးမှာ နှာခေါင်းစည်း Mask အမည်းရောင်ကို တပ်ဆင်ထားကြသောကြောင့် ၎င်းတို့ရုပ်သဏ္ဍာန်ကို မမှတ်မိကြောင်းလည်း ဆိုပါတယ်။
မိုးညှင်းမြို့နယ် မြို့ပေါ်ရပ်ကွက်တွေမှာလည်း လုယက်မှုမကြာခနဖြစ်ပေါ်နေပြီး လုယက်သူအများစုမှာ လူငယ်များဖြစ်သည်ဟုလည်း သိရှိရပါတယ်။
မိုးညှင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၃ဇန်နဝါရီလအတွင်းမှာ ဆိုင်ကယ်လုယက်မှုတွေဟာ အနည်းဆုံးငါးခုထက်မနည်းဖြစ်ပွားခဲ့တာာဖြစ်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။