နိုဝင်ဘာ ၁၃ ၊ မိုးညှင်း
မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာမှာရှိတဲ့ VIP KTV မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ ကိုမင်းသန့်မွန် အပါအဝင် ၅ ဦးဟာ မိုးညှင်းမြို့ကနေ ထန်းတပင်ကျေးရွာရှိ KTV ကို ကားဖြင့် သွားရောက်ခဲ့ပြီး KTV ရောက်ရှိချိန်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ မနေ့က ပစ်ခတ်တာက အားလုံးပေါင်း ၆ ယောက်သေတယ်။ ဟို ထန်းတပင်အထွက်ဘက်မှာ ရှိတဲ့ KTV မှာ ပစ်ကြတာ ၊ ကားသမားကို အရင်ပစ်လိုက်တာနေမယ်။ အဲတာပြီး အပြန်အလှန်ပစ်ကြတာနဲ့တူတယ်။ သေတဲ့ထဲမှာ ရဲတစ်ယောက်လည်းပါတယ် စခန်းမှူးရဲ့အချစ်တော် ၊ သူတို့ ထန်းတပင် KTV ကိုသွားကြတာ ဘယ်လိုကိစ္စတွေငြိကြလည်းမသိပါဘူး ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုပစ်ခတ်မှုများကြောင့် ကိုမင်းသန့် မွန် ၊ နယ်ထိန်းရဲ အောင်ဇော်မိုး ၊ အကြီးကောင် တို့ သုံးဦး သေဆုံးခဲ့သလို VIP KTV ၏ မန်နေဂျာ ၊ KTV တိုးချဲ့ရေးလုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေသည့် ပန်းရံဆရာ နှင့် ဝရိန်ဆရာ တို့လည်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်နှစ်ဦးကလည်း လက်မောင်း နဲ့ ဝမ်းဗိုက်တွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးညှင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းများနှင့် လာရောက်ပစ်ခတ်တဲ့အဖွဲ့အစည်းတွေကိုတော့ မသိရှိရသေးပါဘူး။
မိုးညှင်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာလည်း GYM Traininer တစ်ဦး နဲ့ သစ်တောဦးစီးတစ်ဦး တို့ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များက နေအိမ်အတွင်း ညသန်းခေါင်အချိန်မှာ ဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။