မိုးမောက်စစ်ဘေးရှောင်များဘုန်းကြီးကျောင်းမှာနေပြီးစပါးသွားရိတ်နေကြရ 

မိုးမောက်မြို့နယ် စစ်ဘေးရှောင်များကိုတွေ့ရစဉ်

နိုဝင်ဘာ ၈ ၊ မိုးမောက်

မိုးမောက်မြို့ပေါ် ကိုထွက်ပြေးတိမ်းရှောင်ကြရတဲ့ လုံဂျာ၊ နောင်ပေါင်း ကျေးရွာက စစ်ဘေးရှောင်တွေဟာ  ဘုန်းကြီးကျောင်းမှာနေပြီး လယ်တောတွေမှာ စပါးသွားရိတ်သိမ်းနေကြရတယ်လို့ သိရပါတယ်။​

“ အခြေအနေကတော့ ငြိမ်ပြီလို့ပြောတာပဲ ၊ အခုက စပါးသိမ်းတဲ့အချိန်ဆိုတော့ မနက်ပိုင်းက စပါးသွားသိမ်းကြပြီးတော့ ညကျတော့ ဘုန်းကြီးကျောင်းမှာ ပြန်လာအိပ်ကြတာ၊ ဝေးတာတော့ဝေးမဝေးဘူး။ ဘယ်လောက်ဝေးမလဲဆို တစ်မိုင်ကျော်ကျော် အဲ့လောက်ပဲရှိမှာ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးခဲ့တဲ့ နမ့်တာပိန်ရှမ်းသာရေးနာရေးအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ 

တိုက်ပွဲတည်ငြိမ်နေပေမယ့်လည်း နေရပ်ပြန်ဖို့အတွက်လည်း လုံခြုံရေးစိုးရိမ်မှုနဲ့ စစ်ကြောင်းတွေ ဖြတ်သန်းသွားလာမှုတွေတွေ့မြင်နေရတာကြောင့် မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ 

လက်ရှိမှာ မိုးမောက်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်း သုံးကျောင်းမှာ နောင်ပေါင်း နဲ့ လုံဂျာကျေးရွာက  အိမ်ထောင်စု (၁၀၀) ကျော်ရှိတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ 

စားသောက်နေထိုင်ရေးအတွက် ဘုန်းကြီးကျောင်းမှာ အလှူရှင်တွေဆီကနေပေးပို့လှူဒါန်းလာတဲ့ စားသောက်စရာတွေနဲ့ စုပေါင်းပြီး ချက်ပြုတ်စားသောက်နေကြတယ်လို့ သိရပါတယ်။ 

ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် အမြဲနိုးဆော်တိုက်တွန်းမှုတွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။ 

အောက်တိုဘာ ၂၀ ရက်နေ့ကစ မိုးမောက်မြို့နယ် လုံဂျာ၊ နောင်ပေါင်း၊ ခါနန်၊ ဝဝမ်ကျေးရွာ အနီးက လုံဂျာတောင် ဝန်းကျင်မှာ  KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ပတ်ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူဦးရေတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *