

ဧပြီ ၂၄ ၊ မိုးမောက်
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဧပြီလ ၂၂ ရက်နေ့မှာ မိုးမောက်မြို့ပေါ်တွင်ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီကနေသိရပါတယ်။
“ ဒီနေ့လည်း အဲ့ဘက်ကို ပစ်နေတာ ။ လက်နက်ကြီးက အရပ်သား ၃ ယောက်သေတယ်။ ခါနာရပ်ကွက်တွေထဲကပဲ ဆေးရုံရှေ့နားက မြို့ပေါ်မှာပဲ မိုးမောက်မှာထိုင်တဲ့ ၄၃၇ လေ ။ သူနဲ့ဖြစ်တာ မိုးမောက်အထွက်မှာ ထိုင်တဲ့ စစ်ကြောင်းနဲ့ ။ သေတာက သုံးယောက်ရှိတယ်။ ဆေးရုံရောက်တာ သုံးရောက်ရှိတယ် ။ မိုးမောက် နာရေးကူညီမှုအသင်းတွေလာပို့တာကိုး ၊ သူ့ရပ်ကွက်အလိုက်ရှိတယ်။ ရပ်ကွက်ထဲမှာထိတာကတော့ စာသင်ကျောင်းရှေ့ရယ်။ ဆေးရုံရှေ့နားမှာ တိုက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျည်ကြောင့် မိုးမောက်မြို့ ဇောတိချောင်ရပ်မှာ အမျိုးသမီးတစ်ဦး ၊ အလင်းကောင် အောက်ချိုင့်ရပ်မှာ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ပရဟိတအသင်းတွေဆီကနေသိရပါတယ်။
မိုင်းစထိမှန်သူတွေကို မိုးမောက်မြို့ကနေ ဗန်းမော်ပြည်သူ့ဆေးရုံဆီကို သယ်ဆောင်လာကြပြီး ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ခွဲစိတ်မှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
KIA+PDF ပူးပေါင်းတပ်ဖွဲ့များဟာ မိုးမောက်မြို့နှင့် သုံးမိုင်အကွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး မြို့အနီးတဝိုက်ကိုလည်း တပ်များဖြန့်ကျက်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။