မေ ၂၂ ၊ မိုးမောက်
မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် မေလ ၂၁ ရက်နေ့ည ပိုင်းက ကျေးရွာအတွင်း လက်နက်ကြီးကျပြီး နေအိမ် (၅) လုံး နှင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးကျပြီး အိမ်ဝင်းတစ်ခုအတွင်းရှိ နေအိမ် (၅)လုံးမီးလောင်ခဲ့ရာ စပါးတင်း ၆၀၀ ၊ လယ်သုံး ထွန်စက်များ ၊ ပဲ များနှင့် သစ် (၃) တန်ကျော် ဆုံးရှုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ထိုလက်နက်ကြီးကျပြီးနောက် ကျေးရွာအတွင်းတွင်လည်း KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး ညသန်းခေါင်အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့သည်ဟုဆိုသည်။
ထို့ပြင် လက်နက်ကြီးများအပြန်အလှန်ပစ်ခတ်မှုများကြောင့် နမ့်မှော်ချောင်းအနီးရှိ နေအိမ်တစ်လုံး လည်းလက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အိမ်ပိုင်ရှင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မနေ့ည မီးလောင်မှုတွင် လက်နက်ကြီး မိုင်းစ ထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦး နှင့် နမ့်မှော်ချောင်းက အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၎င်းတို့ နှစ်ဦးစလုံးကို ဗန်းမော်မြို့ စစ်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရသည်။