မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် လက်နက်ကြီးကျ ကာ နေအိမ်နှင့် စပါးကျီမီးလောင်ပြာကျခဲ့သည့် မိသားစု မန်နောင်ကျေးရွာတွင် အခြေပြန်ချနိုင်ရန် ဒေသခံများကူညီပေးခဲ့

ဇွန် ၂၄ ၊ မိုးမောက်

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီ တပ်နှင့် KIA တို့၏ တိုက်ပွဲကြောင့် နေအိမ်ဝန်းတစ်ခုအတွင်း လက်နက်ကြီးကျကာ နေအိမ်(၅) လုံး နှင့် စပါးကျီမီးလောင်ပြာကျခဲ့သည့် မိသားစုကို မန်နောင်ကျေးရွာတွင် ပြောင်းရွေ့ အခြေချခဲ့ကြောင်း သိရသည်။

“ သူတို့အိမ်ဝန်းကို ထားပစ်ထားတယ်။ တောနဲ့လဲ နည်းနည်းနီးနေလို့လေ ။ သူတို့က အစက မပြေးဘူး ခုအိမ်မီးလောင်မှ ပြောင်းလာတော့တာ” ဟု မန်နောင်ဒေသခံ တစ်ဦးက ပြောဆိုသည်။

၎င်းမိသားစုသည် မန်နောင်ကျေးရွာရှိ ဆွေမျိုးများထံ ပြောင်းရွေ့လာခဲ့ကာ ကျေးရွာသားများက နေအိမ်ကူဆောက်ပေးပြီး လိုအပ်သည့်အိမ်အသုံးဆောင်ပစ္စည်း ၊ ငွေကြေး ၊ အိုးခွက် နှင့် ဆန်ဆီဆား များကို ကူညီပေးခဲ့သည်ဟု ဆိုသည်။

မေလ ၂၂ ရက်နေ့ညက နေအိမ်ဝန်းတစ်ခုအတွင်း လက်နက်ကြီးကျမှုကြောင့် နေအိမ်(၅) လုံး ၊ စပါး တင်း (၆၀၀) ၊ လယ်ယာသုံးထွန်စက်များ ၊ ပဲများ နှင့် သစ်(၃) တန်ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ လူတစ်ဦး လက်မောင်း လက်နက်ကြီးစ ထိမှန်ခဲ့သည်။

မီးလောင်ခဲ့သည့် အိမ်ဝန်းထဲမှ မိသားစု (၃) ဦးက မန်နောင်ကျေးရွာတွင် ပြောင်းရွေ့အခြေချခဲ့ကာ ကျန်ရှိ သည့် မိသားစုဝင်များက မိုးမောက်မြို့နယ်တွင် နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *