အင်းတော်ကြီးဒေသရှိ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ပါးလာစေရေး ၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီဖလား ဘောလုံးပြိုင်ပွဲကို ယနေ့အောက်တိုဘာ(၃)ရက် နေ့လည်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။
” အင်းတော်ကြီးဒေသမှာရှိတဲ့ လူငယ်တွေအချင်းချင်း တစ်ရွာနဲ့တစ်ရွာချစ်ကြည်လာဖို့ ၊ကျွန်တော်တို့ ဒေသတွင်းမှာနေတဲ့ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှုလျော့ပါးလာအောင် ” ဟု အဆိုပါကော်မတီ ဥက္ကဌ စိုင်းစိန်လွင်ဦးက ပြောကြားသည်။
ထို့ပြိုင်ပွဲ၏ တခြားရည်ရွယ်ချက်များမှာ အင်းတော်ကြီးဒေသ ကိုယ်စားပြု နိုင်သည့် ဘောလုံးသမားများ ထွက်ရှိလာနိုင်စေရေး နှင့် လူငယ်များ အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး စသည်တို့ဖြစ်ကြောင်း ၎င်းထံမှသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အင်းတော်ကြီးဒေသရှိ ကျေးရွာများမှ အသင်း (၂၀ ) သင်း၊ အုပ်စု(၅) အုပ်စုခွဲပြီး ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီဖလားပြိုင်ပွဲသည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။