
ဇန်နဝါရီ ၂၂ ၊ ရန်ကုန်
အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ရေးအတွက် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံ ၆ နိုင်ငံပေါင်းပြီး “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို အခုနှစ်အတွင်းမှာ စတင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြေညာလာပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံဖြစ်တဲ့ မြန်မာ ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှု (ခေါ်) ကျားဖြန့်ကို တိုက်ဖျက်ရာမှာ ကွင်းဆက်ရာဇ၀တ်မှုတွေကို ပိုမိုအာရုံစိုက် တိုက်ဖျက်သွားမှာဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။
ပြီးခဲ့တဲ့ ပူးပေါင်းလှုပ်ရှားမှုအတွင်းမှာ အွန်လိုင်းလိမ်လည်မှု တရားခံ (၇)သောင်းကျော် ဖမ်းဆီးခဲ့သလို ပြည်သူ ၁၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်ကပြောပါတယ်။
“ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှုဒုတိယအပိုင်းမှာ နိုင်ငံအသီးသီးက ပျောက်ဆုံး၊ ပိတ်လှောင်ခံရသူတွေကို ကယ်ဆယ်ရေး ၊ ဒေသတွင်းနိုင်ငံသားတို့ရဲ့ လုံခြုံရေးနဲ့ အေးချမ်းတည်ငြိမ်ရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားကြမှာလို့ ဆိုပါတယ်။
ဒီပူးပေါင်းမှုဟာ ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသား သရုပ်ဆောင်တစ်ဦး ကျားဖြန့်လုပ်ငန်းမှာ လူကုန်ကူးခံရမှုဖြစ်ပွားပြီးနောက် ဆယ်နှင့်ချီပျောက်ဆုံးနေတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
မကြာသေးမှီကလည်းတရုတ်နိုင်ငံဘက်က အာဆီယံနဲ့ ပူးပေါင်းပြီး ဒီအွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ အစီအမံသစ်တွေလုပ်ဆောင်ဖို့ကို တိုက်တွန်းပြောဆိုထားပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းတွေဟာ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးကြောင့် ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ် ဒေသတွေမှာ ပြန်လည်ကြီးထွားလာနေတာဖြစ်ပါတယ်။