

စက်တင်ဘာ ၁၈ ၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့ရှိ တချို့စစ်ဘေးရှောင်စခန်းအများစုမှာ ရပ်ဆိုင်းခံထားရတဲ့ နိုင်ငံတကာ (NGO)အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့အကူအညီများကို ပြန်လည်ရရှိခြင်းမရှိသေးဘူးလို့ စစ်ဘေးတိမ်းရှောင်နေသူများထံမှ သိရပါတယ်။
“ ကျွန်မတို့စရိတ်အတွက် ၂၀၂၄ တုန်းက WFPက တစ်ယောက်ကိုတစ်လ (လေးသောင်းနှစ်ထောင်)ပေးတယ် အခု၂၀၂၅ သုံးလပိုင်းကတည်းက ပြတ်သွားပြီမပေးတော့ဘူး ဘာမှမလာတော့ဘူး အထောက်အပံ့မရတော့ဒီလိုပဲလုပ်လိုက်စားလိုက်နေနေရတာပါ့”ဟု ဆိုပါတယ်။
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာကနေ မြစ်ကြီးနားမြို့၊ ဇီးကျွန်းရပ်ကွက် ဝေပုလ္လဘုန်းတော်ကြီးကျောင်းတိုက်အတွင်း လာရောက်ခိုလှုံနေထိုင်နေသူ အသက်(၅၇)နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီကျောင်းတိုက်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေသူ အိမ်ထောင်စု(၄၀)ကျော်ရှိပြီး လူဦးရေ အားဖြင့်(၁၀၀)ကျော်ရှိကာ ယခုကာလမှာ နိုင်ငံတော်မှထောက်ပံ့ပေးသော တစ်ဦးလျှင်တစ်လငွေကျပ်(၂)သောင်းဖြင့်သာ သုံးစွဲအားထားနေကြရကြောင်း သိရပါတယ်။
“ နေဖို့ကရှိတယ် စားဖို့ဆီတွေဆန်တွေလိုတာပေါ့လေ အလှူရှင်တွေလည်း ဘတ်ဂျက်တွေမကျလာတော့ လှူတဲ့သူတွေလည်းလျော့နေတယ်။ ကျွန်မတို့လည်းအလုပ်ကအဆင်မပြေဘူးလေနော့။ တစ်ချို့လည်းနေ့စားအလုပ်တွေလာခေါ်တယ် ။ အာလူးရွေး၊ကြက်သွန်ရွေး၊အပင်စိုက်တဲ့စိုက်ပျိုးရေးတွေ တစ်ခါတလေလာခေါ်ကြတယ် အလုပ်ရှိရင်လုပ်လိုက် မရှိရင်နေလိုက်ဒီတိုင်းပေါ့ “ဟု သူကဆက်ပြောပြပါတယ်။
သို့သော် မြစ်ကြီးနားမြို့ရှိ အိမ်ထောင်စု (၇၀၀)နီးပါးခိုလှုံနေတဲ့ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းမှာတော့ ယခုစက်တင်ဘာလ(၈)ရက်နေ့မှစတင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့ရဲ့ အထောက်အပံ့များကို ပြန်လည်ရရှိနေတယ်လို့လည်း ကူညီနေသူများထံမှ သိရပါတယ်။
အဆိုပါစခန်းရှိ စစ်ဘေးရှောင်များရဲ့ စားနပ်ရိက္ခာများအတွက် ဆန်၊ဆီ၊ဆား စသည်တို့ကို ပြန်လည်ထောက်ပံ့ပေးတာဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုစစ်ရှောင်စခန်းရဲ့ တာဝန်ခံက အခုလိုပြောပြပါတယ်။
“အထောက်အပံ့တွေအတွက် လက်ရှိ ရနေတယ်လို့တော့ကြားတယ် ။ ကျွန်တော်ကမ့်(camp)ခေါင်းဆောင်ကိုမေးကြည့်တာတော့ ရနေတယ်လို့ ပြောတယ်ဗျ ရပ်ဆိုင်းပြီးတော့ အခုဒီနောက်ပိုင်းတော့ သင်တန်းလေးတွေပေးပြီး ထောက်ပံ့ငွေတွေပြန်ပေးတယ်လို့ ကြားပါတယ်”ဟုဆိုပါတယ်။
အန်ဂျီအို (NGO)အဖွဲ့အစည်းတွေက ယခုနှစ်အစပိုင်း ဖေဖော်ဝါရီလကနေ စစ်ရှောင်များအတွက် အထောက်အပံ့အားလုံးကို ၈ လနီးပါကြာ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ယခုလပိုင်းမှာမှ အချို့စစ်ဘေးရှောင်စခန်းတွေကို ပြန်လည်ထောက်ပံ့လာတာပဲဖြစ်ပါတယ်။
