
ဇူလိုင် ၁၇ ၊ မြစ်ကြီးနား
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ ဧရာရပ်ကွက်ရဲ့မလိခဝန်ထမ်းအိမ်ရာအတွင်းကို မနေ့ကဇူလိုင်(၁၆)ရက်နေ့ မနက်ပိုင်း(၄)နာရီအချိန်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါအိမ်ရာထဲကို စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျရောက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုများမရှိခဲ့ဘူးလို့ မြို့ခံများထံမှ သိရပါတယ်။
မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ KIA+PDF နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကို ပစ်ခတ်တာဖြစ်ပြီး ပေါက်ကွဲခြင်းမရှိပဲ မအောင်တဲ့ကျည်ဖြစ်နေတာကြောင့် အဆိုပါအိမ်ရာအတွင်းကိုသာ ကျရောက်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။
“ တပ်(စစ်တပ်)ဘက်ကပစ်တာ ဟိုဘက်ကိုမရောက်ဘဲနဲ့ ကြားမှာအန်း(မအောင်) တဲ့ဟာပြုတ်ကျတာပေါ့ အဲ့လိုကျည်မအောင်တဲ့ဟာပေါ့ ပစ်တာကတော့ မိုင်းနားဝိုင်းမော်ဘက်ခြမ်းဘက်ကို ပစ်တာပေါ့လေ ပို့ကျည်ပေါ့’ဟု သူကဆိုပါတယ်။
အဆိုပါလက်နက်ကြီးလွဲချော်ကျရောက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းတော့ မရှိပါဘူး။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ PDF တပ်ဖွဲ့တွေရဲ့ ရှော့တိုက်ဒုံးကျရောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတို့ ယခုသီတင်းပတ်တွေအတွင်း တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ သိရပြီး စစ်ကောင်စီက မကြာခဏလက်နက်ကြီးပစ်ကူမှုများရှိနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဗန်းမော်မြို့၊ ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်၊ အင်းတော်ကြီးဒေသတွေမှာ တိုက်ပွဲတွေဟာ ရက်ဆက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
