မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်လေကြောင်းမှ တိုက်ခိုက်မှု ပိုပြုလုပ်လာ 

ဖေဖော်ဝါရီ ၂၃ ၊ ဝိုင်းမော် 

ကချင်ပြည်နယ်၊မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က (KIA) ရဲ့တပ်ဌာနချုပ် လိုင်ဇာအပါဝင် တပ်မဟာအသီးသီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်လာနေတယ်လို့ ဒေသခံသတင်း အရင်းအမြစ်တွေက ပြောဆိုကြပါတယ်။ 

မိုးမောက်မြို့နယ်ထဲက ( KIA) ရဲ့ မိုင်ဂျာယန်မြို့ အနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီး  (၁) ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မနေ့က ဖေဖော်ဝါရီ (၂၂ ) ရက်နေ့ ည (၁၁) နာရီဝန်းကျင်တွင် (KIA) ထိန်းချုပ်ထားတဲ့ ဘွမ်ကထောင်ကျေးရွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ အသက် (၇၈) နှစ်အရွယ် အမျိုးသား တစ်ဦးလို့ သိရပါတယ်။ 

ဒါ့အပြင် ဝိုင်းမော်မြို့နယ်အနီးတစ်ဝိုက်တွင်လည်း ည ( ၂ )နာရီ ဝန်းကျင်အချိန်က လေကြောင်းဖြင့် (၃) ကြိမ်ကြဲချသွားတယ်လို့သိရပါတယ်။

“ချောင်းဟိုဖက်ကမ်း ကအုတ်ဖိုတွေတောင်ပြေးလာကြတာ တစ်ဂျိမ်းဂျိမ်းနဲ့ဆိုတော့ တစ်ညလုံးပဲ လက်နက်ငယ်သံတွေပါ ကြားရတာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

ရက်ပိုင်းအတွင်း မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုအပြီး ဝိုင်းမော်၊ မိုးမောက်နဲ့ မံစီတို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုတွေရှိနေပြီး စစ်ကော်မရှင်နဲ့ KIA+PDF ပူးပေါင်းတပ်တို့တိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။

မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရမှုမှာဟာလည်း တစ်ပတ်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုဒုတိယအကြိမ်မှာ ခရီးသည်လေယာဉ်ထိခိုက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *