ဧပြီ ၂၆ ၊ မြစ်ကြီးနား
မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ သင်္ကြန်နှစ်သစ်ကူးကာလပြီးနောက် ဆန္ဒပြခဲ့တဲ့ အကျဉ်းသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် မနေ့က ဧပြီလ (၂၄)ရက်နေ့မှာ ထောင်ဝန်ထမ်း(၅)ဦး ထိန်းသိမ်းအရေးယူခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
အဲဒီလိုအရေးယူခံရသူတွေက ကျော်မင်းဦး(ထောင်ပိုင်လေး)၊ထွန်းထွန်းအောင်(ထောင်ဆေးရုံဆရာဝန်)တို့အပါအဝင် ထောင်ဝန်ထမ်း(၅)ဦးတို့ပါဝင်တယ်လို့ (PPNM)က ထုတ်ပြန်ထားတာပါ။
ထောင်တွင်းဆူပူဆန္ဒပြမှုဖြစ်ပွားခဲ့ရခြင်းအကြောင်းအရင်းဟာ လွတ်ရက်စေ့ သူများကို မလွတ်ပေးတာအပါအဝင် ဒေါက်တာခလမ်ဆွန်ဆမ် ပြန််လည်ထိန်းသိမ်းခံရမှုတွေကြောင့်လို့ အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဓိကကတော့ လွတ်ရက်မစေ့ဘဲနဲ့လွတ်တဲ့ကိစ္စလေးတွေ ပြီးတော့ တစ်ချို့နိုင်ငံရေးပုဒ်မတွေ လွတ်ရက်စေ့ပြီးမလွတ်တဲ့ဟာလေးတွေပေါ့၊အေ့ဒါပြီးတော့ ဒေါက်တာခလမ် သူပြန်ပြီးတော့ထိန်းသိမ်းခံရတဲ့နေ့မှာပဲဖြစ်တာဆိုတော့ သူ့ကိစ္စလည်းပါမှာပေါ့” လို့ ၎င်းကဆိုပါတယ်။
ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီး တစ်ရက်ကျော်အကြာမှာ မြစ်ကြီးနားမြို့ ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ်တိုးရီ လာရောက်စစ်ဆေးကြည့်ရှုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဧပြီလ(၁၈)ရက််နေ့ ထောင်တွင်းဆူပူဆန္ဒပြမှုတွင်း ပစ်ခတ်နှိမ်နှင်းခဲ့တဲ့ထဲမှာ အကျဉ်းသား(၄ )ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိသူများလည်းရှိခဲ့တာလည်းဖြစ်ပါတယ်။