မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ရာနဲ့ချီ ပျက်စီး

ဧပြီ ၂၇၊ မြစ်ကြီးနား

လေပြင်းတိုက်ခတ်မှုတွေကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား ၊ မိုးကောင်း နဲ့ နမ္မတီးမြို့တွေက လူနေအိမ်အဆောက်အဦးတွေနဲ့ စာသင်ကျောင်း ၊ဌာနဆိုင်ရာရုံးများ ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

မြစ်ကြီးနားမြို့နယ်အပါအဝင် မိုးကောင်းမြို့နယ် နဲ့ နမ္မတီးမြို့တွေမှာ ဧပြီလ ၂၅ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်ချို့နဲ့ ရုံး၊ ဌာနများထိခိုက်ပျက်စီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ အကြီးအကျယ်ပဲ လေရောမိုးရောလေ တစ်ချို့အိမ်တွေဆိုအမိုးတွေ လွှင့်သွားတာဘယ်လိုနေကြလဲ မသိဘူးမနေ့ည ၁၀ ကျော်လောက်စပြီးချတာပဲ  မီးတိုင်တွေလည်း လဲတယ်ပြောတယ်ဘယ်နားလဲတော့မသိဘူး ၁၂ နာရီ ၁ နာရီလောက်မှ နည်းနည်းငြိမ်သွားတာလေ” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုပါတယ်။

ဧပြီ ၂၅ ရက် ည ၁၀ နာရီခွဲမှစ  ၁၂ နာရီအထိတိုက်ခတ်ခဲ့တာဖြစ်ပြီး လူနေအိမ်အမိုးတွေ ပျက်စီးသွားသလို လမ်းဘေးရှိ သစ်ပင်တွေနဲ့ လျှပ်စစ်မီးဓာတ်တိုင်များလဲကျကာ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မိုးကောင်းမြို့ မှာလည်း  လေပြင်းတိုက်ခတ်မှုကြောင့် တစ်မြို့လုံးအနှံ့မှာ သစ်ပင်တွေလဲကျကာ အိမ်အမိုးလန်တာ ၊ ခြံစည်းရိုးပြိုကျတာ၊ မီးတိုင်များနဲ့ လျှပ်စစ်ထရန်စဖော်မာပျက်စီးခဲ့ခြင်းများ ရှိခဲ့ပြီး  အဆောက်အဦး ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့ပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမှာ နေအိမ် စုစုပေါင်း ၄၈၂ လုံး အမိုးလန်ထိခိုက်ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်း တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်  မိုးကောင်းမြို့နယ် နမ္မတီးမြို့  လဝါးကျေးရွာ ၊ ခွန်စိုင်ယာန် ၊ နာဇရက် ၊ ဂျာထု  စတဲ့ ကျေးရွာအချို့က စစ်ရှောင်များရဲ့ ယာယီတဲတွေ ပျက်စီးခဲ့ပါတယ်။ 

ဧပြီလအတွင်းမှာ နိုင်ငံတဝန်း လေပြင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဧပြီလ ၂၅ ၊ ၂၆ နှစ်ရက်အတွင်း မြို့နယ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *