
စက်တင်ဘာ ၁၁၊ မြစ်ကြီးနား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေး ၊ နေပြည်တော် နဲ့ ရန်ကုန်မြို့ကို ပြေးဆွဲမယ့် Express ကားလိုင်းကြီးများ မကြာခင် စတင်တော့မယ်လို့ကုန်းလမ်းပို့ဆောင်ရေးဌာနကနေသိရပါတယ်။
ဒီလို ကားလိုင်းများပြေးဆွဲတာဟာ ခရီးသွားများ အဆင်ပြေစေဖို့ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးနေတာလို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ Express ကားလိုင်းတွေဟာ လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ရပ်နားခဲ့ရပြီး လိုင်းကားအသေးတွေဖြင့်သာ ခရီးသွားလာမှုတွေပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။
၂၀၁၅ မှ ၂၀၂၃ ခုနှစ်အထိ မြစ်ကြီးနား-မန္တလေး လမ်းပိုင်းဟာ နှစ်ရက်အတွင်း ခရီးရောက်ရှိနိုင်ခဲ့ပေမယ့်လက်ရှိမှာ အချိန် သုံးရက်မှ တစ်ပတ်နီးပါး ကြာမြင့်လာခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ လမ်းပိုင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွေရဲ့ လုံခြုံရေးဂိတ် ၊ အခွန်ဂိတ် စတဲ့ဂိတ်များပိုမိုများပြားလာခဲ့သလို တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့တာကြောင့် လမ်းပိုင်းတစ်နှစ်ကျော်ကြာ ပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တာပါ။
အခြေခံလိုအပ်ချက်များဖြစ်တဲ့ ကျန်းမာရေး၊ စီးပွားရေးနှင့် ပညာရေးကိစ္စရပ်များအတွက် ခရီးသွားလာရာတွင် အခက်အခဲများစွာကြုံတွေ့နေရတာကြောင့် လမ်းပိုင်းတွေ အလုံးစုံပြန်ဖွင့်ဖို့ ဒေသခံတွေကလည်း တောင်းဆိုထားကြပါတယ်။
ယခုလိုကားလိုင်းများပုံမှန်ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြင့် ကချင်ပြည်နယ်နဲ့ အခြားမြို့ကြီးများအကြား လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကုန်းလမ်းခရီးမှာ ခရီးနှောင့်နှေးကြန့်ကြာမှုတွေကြောင့် လေကြောင်းလိုင်းတွေကိုသာအဓိကအသုံးပြုနေကြရပြီး မနေ့ကစလို့ လေယာဉ်လက်မှတ်နှုန်းထားတွေလည်း သုံးပုံတစ်ပုံ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
