အောက်တိုဘာ ၃ ၊ ရန်ကုန်
နေပြည်တော်ကောင်စီနယ်မြေကလွဲပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအများစုမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ပထမဆုံးအကြိမ်အဖြစ် သိရှိကြောင်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပြောဆိုပါတယ်။
ယခင်က ရှမ်း၊ကချင်၊ကရင် ၊ ကရင်နီနှင့်ရခိုင်ပြည် စတဲ့ တိုင်းရင်းသားဒေသတွေမှာပဲ ရှိတဲ့ မြေမြှုပ်မိုင်းအန္တရာယ်ရင်ဆိုင်ရတာတွေက ယခုခါ စစ်ကောင်စီထိန်းချုပ်တဲ့ နေပြည်တော်နယ်မြေမှလွဲပြီး အခြား ပြည်နယ်တိုင်းဒေသကြီးတော်တော်များများမှာ ရင်ဆိုင်တွေ့ကြုံခံစားနေရတယ်လို့လဲ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သား တစ်ရာကျော်သေဆုံးထားပြီး ၄၅၀ ကျော် ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးက ထိခိုက်သူ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းရှိခဲ့ပြီး ပဲခူးတိုင်းက ၁၂ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၆ ရာခိုင်နှုန်းရှိတယ်လို့ UNICEF က ပြောဆိုထားပါတယ်။
မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း အန္တရာယ်တွေကို ရင်ဆိုင်နေရပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး လုပ်ငန်းလုပ်ဆောင်ခြင်း လုံးဝမရှိပေ။
ဒ့ါပြင် မြန်မာနိုင်ငံတွင်း ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေက ၂ သန်းနီးပါးရှိလာပြီး ကူညီကယ်ဆယ်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၇ သန်း ချမှတ်ထားပေမယ့် ၂၈ ရာခိုင်သာ သာရရှိထားသေးတယ်လို့ UNOCHA က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံပဋိပက္ခတွေကြောင့်အပြင် ရာသီဥတုဘေးဒဏ်နှင့်ရေကြီးရေလျှံမှုတွေကြောင့် ရေကြီးရေလျှံမှုတွေကြောင့် နေရာရွေ့သွားတဲ့မြေမြှုပ်မိုင်းတွေကြောင့် စိုးရိမ်ရမှုတွေ မြင့်တက်လာနေတာလဲဖြစ်ပါတယ်။