မြန်မာမြေကို အိန္ဒိယဆန့်ကျင်ရေးအတွက် အသုံးမပြုစေရလို့ဆို 

ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံနေကြစဉ်/ Head of State facebook

ဇွန် ၂ ၊ နယူးဒေလီ 

အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားများကို ထိခိုက်နိုင်မယ့် ဘယ်ဆန့်ကျင်မှုတွေကိုမဆို မြန်မာနိုင်ငံရဲ့ နယ်မြေတွေကို အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း ဦးမင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ 

မနေ့က  စစ်ကော်မရှင်ဥက္ကဌမှ သမ္မတ ဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ရဲ့ တရားဝင်ခရီးစဉ်တွေ့ဆုံမှုမှာ ပြောဆိုခဲ့တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။

ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီနဲ့  စွမ်းရည်မြှင့်တင်ရေးတို့ကို အဓိကထားတဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို အိန္ဒိယက ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပြီး နှစ်ဖက်စလုံးရဲ့ လုံခြုံရေးအကျိုးစီးပွားများကို မထိခိုက်စေတဲ့ လုပ်ဆောင်ချက်များအတွက် အချုပ်အခြာအာဏာပိုင်နယ်မြေကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်ဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့တယ်လို့  နိုင်ငံခြားရေးဝန်ကြီး ဗစ်ခရမ် မစ္စရီက အစည်းအဝေးအပြီးမှာ မီဒီယာတွေကိုပြောပါတယ်။ 

ပူးတွဲကြေညာချက်တစ်ခုအရ အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ဦးအနေဖြင့် နှစ်နိုင်ငံအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ကတိကဝတ်ပြုထားကြောင်း မိုဒီက အတည်ပြုခဲ့ပါတယ်။ 

ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်ပတ်သက်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြကာ နိုင်ငံတွင်း လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားဟာ  နိုင်ငံတကာ တရားဝင်မှုကိစ္စရပ်မှာ  အငြင်းပွားဖွယ်ရာ ဖြစ်နေဆဲဖြစ်သော်လည်း အိန္ဒိယအနေနဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက်  ၁၆၄၃ ကီလိုမီတာရှည်လျားတဲ့  နယ်စပ်ဒေသအတွက်  ပူးပေါင်းဆောင်ရွက်ရမယ့် အရေးကြီးတဲ့  အိမ်နီးချင်းဖြစ်တယ်လို့ ဆိုပါတယ်။

Ref: The Time of India

Leave a Reply

Your email address will not be published. Required fields are marked *