မြန်မာအမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ်ရောင်းစားတဲ့ ပွဲစားများ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

စက်တင်ဘာလ ၁၆၊  မူဆယ် 

ရှမ်းပြည်နယ်ထဲက အမျိုးသမီးတချို့ကို တရုတ်နိုင်ငံမှာအလုပ်လုပ်ရမယ့် မက်လုံးပေးပြီး တရုတ်ဇနီးမယားအဖြစ်ရောင်းချဖို့ လုပ်ဆောင်ခဲ့တဲ့  ပွဲစား (၉) ဦးကို နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်လိုက်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။ 

ပြစ်မှုကျူးလွန်သူတွေဟာ အမျိုးသမီးငယ်များကိုမူဆယ်မြို့ကတစ်ဆင့်တရုတ်နိုင်ငံဘက်ခြမ်းက ရွှေလီမြို့ကိုပို့ပြီး ရောင်းစားဖို့စီစဉ်ခဲ့တယ်လို့သိရပါတယ်။ 

လူမှုကွန်ရက်တွေဖြစ်တဲ့ (TikTok) နဲ့  (Wechat) များကို အသုံးပြုပြီး တရုတ်ဇနီးမယားလုပ်ဖို့ ကမ်းလှမ်းခဲ့ကြတာလို့ ၎င်းတို့ကဆိုပါတယ်။

အဆိုပါတရားခံ ၉ ဦးတွင် ၃ ဦးကို အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ အပြင် ၄ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် နဲ့ ကျန် ၂ ဦးကိုတော့ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့တာလို့ဆိုထားပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို မဖော်ပြထားပေမဲ့ ပြစ်ဒဏ်ကိုတော့ မကြာသေးမှီသီတင်းပတ်မှာ ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီတရားခံတွေက တရုတ်ဇနီးမယားလုပ်ရင် တရုတ်ယွမ်ငွေ ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ (မြန်မာငွေ ပြင်ပပေါက် ဈေး ကျပ်သိန်း ၆၀ ကနေ ၈၀ ဝန်းကျင်) အထိရမယ်လို့ အမျိုးသမီးတွေကိုလိမ်လည်လှည့်ဖျားခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ၆ လအတွင်းမှာ လူကုန်ကူးမှု ၈၀ မှုကိုအရေးယူခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်အတွင်း လူကုန် ကူးမှုဖြင့် ၅၃ မှု ၊ ၂၀၂၃ ခုနှစ်မှာ ၆၄ မှုအထိရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ လူကုန်ကူးမှုတွေဟာ တိုးမြှင့်ဖြစ်ပွားလာနေတယ်လို့ စာရင်းတွေအရသိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အိမ်နီးချင်းနိုင်ငံနှင့်အရှေ့အာရှအလယ်ပိုင်းသို့ အလုပ်အကိုင်ရရှိမယ်လို့ မက်လုံးပေးစည်းရုံးနေသူများကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အမျိုးသမီး (၂၀၉)ဦးနှင့် အမျိုးသား ၁၇၄ ဦး စုစုပေါင်း ၃၈၃ ဦးကို  စစ်ကောင်စီက အရေးယူထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၈ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်သည့် လူကုန်ကူးမှုတားဆီးရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့၂ဝ၁၇ ခုနှစ်က အဆင့် (၂) တွင် ထည့်သွင်းထားခဲ့ပြီး ၂၀၁၈ခုနှစ်တွင် အဆိုးရွားဆုံး အဆင့် (၃) အဖြစ် လျှော့ချသတ်မှတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံ လူကုန်ကူးခံရမှုရဲ့ ၇၅ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ ရောင်းချခံခဲ့ရတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်းတွင်အမျိုးသမီးများနှင့် မိန်းကလေးငယ်တွေဟာ လူကုန်ကူးသူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်လာပြီး ၄၆ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ပြီး ၁၉ ရာခိုင်နှုန်းမှာ မိန်းကလေးငယ်တွေဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *