မတ်၆၊ပန်ဝါ
မြန်မာနိုင်ငံကနေ ထွက်တဲ့မြေရှားသတ္တုတွေကို ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံဆီကို တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိခဲ့တယ်လို့ ISP myanmar အဖွဲ့ရဲ့ သုတေသနတွေအရ သိရပါတယ်။
ဒီလိုကုန်သွယ်မှုတန်ဖိုးကို စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိပေမယ့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ရဲ့ မြေရှားသတ္တဒတင်ပို့မှု ပမာဏ တန်ချိန်နှစ်သောင်းလေးထောင်ကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိခဲ့တယ်လို့ဆိုထားပါတယ်။
လက်ရှိ မြေရှားသတ္ထုတွေကို ကချင်ပြည်နယ် ပန်ဝါဒေသမှာ အဓိကတူးဖော်နေတာဖြစ်ပြီး မြေရှားသတ္ထုရှိနိုင်မယ့်နေရာအသစ်တွေကိုလည်း
တရုတ်ကုန်သည်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှာဖွေစမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ မြေရှားထွက်လို့ရေခဲကျတယ်လို့လည်းပြောတယ်။ ဒီနှစ်တောင် မြေရှားကုန်သလောက်နီးနီးဖြစ်နေပြီထင်တယ်။ အဲ့ကြောင့်ရေခဲမကျတော့ဘူး။ မံစီတင်မဟုတ်ပါဘူး ချီဖွေ ဆော့လော်ဘက်မှာလည်း စနေကြပြီလို့ကြားတယ်” လို့ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်နေသူတစ်ဦးက ပြောပြပါတယ်။
KIA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မံစီမြို့နယ်ထဲက အမ်ဘာပါဒေသတဝိုက်မှာ မြေရှားသတ္တုတူးဖော်ဖို့ စမ်းသပ်မှုတွေပြုလုပ်နေပြီလို့သိရပါတယ်။
မြေရှားသတ္တုတူးဖော်မှုဟာ တောင်တစ်တောင်လုံးမြေရှားထုတ်မယ်ဆိုရင် နှစ်လခန့်ကြာမြင့်ကာ နှစ်ပတ်တစ်ကြိမ်မြေရှားထုတ်ပြီး တစ်ကြိမ်ကို မြေရှားအိတ် ၈၀၀ ကနေ ၁၀၀၀ ကြားထွက်ရှိတယ်လို့ သူကဆိုပါတယ်။
မြေရှားသတ္တုကို မီးမဖုတ်ခင် အစို တစ်အိတ်ကို တရုတ်ငွေစျေးနဲ့ တစ်အိတ် ယွမ် ၄၀၀၀ ဝန်းကျင် ( မြန်မာငွေ ၁၃ သိန်း နီးပါး) ရရှိတယ်လို့ သိရပါတယ်။
Global Witness ရဲ့အစီရင်ခံစာတစ်ခုအရ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြေရှားသတ္ထုတူးဖော်တဲ့ လုပ်ကွက်ပေါင်း ၃၀၀ ကျော်နဲ့ မြေရှားသတ္တုအရည်ပျော်စုဆောင်းတဲ့ ကန်ပေါင်း ၂၇၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။