စက်တင်ဘာ ၂၀ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ၊မှော်စီစာကျေးရွာ ဒေသအခေါ် အောက်ကျောင်းတွင် အသက် (၂၀)ဝန်းကျင်အရွယ် အမည်မသိ အမျိုးသားတစ်ဦးကို နှိပ်စက်သတ်ဖြတ်ထားခဲ့မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
အဆိုပါ အမျိုးသားအလောင်းကို စက်တင်ဘာလ(၁၈)ရက်နေ့ ည(၁၀)နာရီကျော်အချိန်တွင် တွေ့ရှိခဲ့ကြတာဖြစ်ပြီး မကြာသေးမှီနာရီပိုင်းတွင်းက သတ်ဖြတ်ခံထားရတာဖြစ်သည်ဟု ဆိုကြပါတယ်။
“ အဲ့ဒါက ပိုင်ရှင်တောင်မပေါ်ဘူး မသေမချင်းသတ်ထားတာ မျက်နှာတွေကော ဘယ်ဘက်နားထင်တွေကော အကုန်လုံးပြုတ်ထွက်နေတာ” ဟု အနီးပတ်ဝန်းကျင်တွင်းနေထိုင်သူတစ်ဦးက ပြောပြပါတယ်။
၎င်း၏ခန္တာကိုယ်တစ်ခုလုံးတွင် ရိုက်နှက်ထားတဲ့ ဒဏ်ရာများလည်းရှိနေပြီး မျက်နှာတစ်ခုလုံးကို ဓားဖြင့် လှီးဖြတ်ခံထားရကာ ဆိုးဆိုးရွားရွားဒဏ်ရာများလည်း ရှိနေတယ်လို့ဆိုပါတယ်။
သတ်ဖြတ်သွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို မသိရှိရဘူးလို့ ရပ်ကွက်တွင်းနေထိုင်သူများက ပြောပါတယ်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်ရက် (၁၉)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ မှော်စီစာ ကျေးရွာ လုပ်ကွက်တစ်ခုရှိ မျှော်စင်များကို ဖျက်ဆီးမှုများ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့များက ရပ်ကွက်တွင်း လက်နက်ကြီးများ ပစ်ခတ်သွားသေးကြောင်း သိရပြီး အဆိုပါပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးဟု ကျေးရွာတွင်းနေထိုင်သူများထံမှ သိရပါတယ်။