ယင်းမာပင်လူသတ်မှုကျူးလွန်သူတွေကိုလက်နက်ဖြုတ်သိမ်းရေးဆောင်ရွက်နေ

စက်တင်ဘာ ၁၃ ၊ ယင်းမာပင်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်း ဒေသခံတွေနဲ့  ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်  စုစုပေါင်း (၁၀) ဦးသတ်ဖြတ်ခံရမှုမှာ ကပိုင်ကျေးရွာအခြေစိုက် တပ်ရင်း (၄) တာဝန်ခံ ဆရာစံ နှင့် တပ်ဖွဲ့ဝင်တချို့ ကျူးလွန်တယ်လို့ NUG က ဆိုပါတယ်။ 

NUG ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာလ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့  ယင်းမာပင်မြို့နယ် လူသတ်ခံရမှုကိစ္စ ဆောင်ရွက်နေမှု အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ   ယင်းမာပင်မြို့နယ် လာပို့ကျေးရွာသား မီးသတ်ရဲဘော် (၄) ဦးကို  ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့  ဗိုလ်တိုက်ကောင်း(ခ) ဗိုလ်ဘုန်းထက်အဖွဲ့က  လက်လှုပ်ကျေးရွာ နဲ့ ပြောင်းပြာကျေးရွာကြားမှာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကပိုင်ကျေးရွာမှာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တယ်လို့ဆိုပါတယ်။  

ဖမ်းဆီးခံရတဲ့ လေးဦးကို အာမခံဖို့အတွက် ဒေသခံ PDF အဖွဲ့တစ်ခုဖြစ်တဲ့  Hero Tiger အဖွဲ့ဝင် (၅) ဦးက ကပိုင်ရွာကို ဆက်သွယ်လိုက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ 

ဖမ်းဆီးခံရတဲ့ မီးသတ်ရဲဘော်တွေမှာ လမ်းတလျောက်က မှတ်တမ်းဓာတ်ပုံတွေကိုတွေ့ရှိပြီး မသင်္ကာမှုနဲ့ အစပြုပြီး သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် Hero Tiger အဖွဲ့ဝင် (၅) ဦးကိုလည်း  ယခင်ရန်ငြိုးရန်စတွေနဲ့ သတ်ဖြတ်မှုတွေကျုးလွန်ခဲ့တာလို့လည်း ဆိုပါတယ်။ 

NUG က စစ်ရေးပြစ်မှုဆိုင်ရာ  စုံစမ်းရေးဗဟိုကော်မရှင်ဖွဲ့စည်းပြီး စစ်ဆေးရာမှာ ကပိုင်ကျေးရွာ အခြေပြု PDF တပ်ဖွဲ့ဖြစ်တဲ့ တပ်ရင်း (၄) တာဝန်ခံနဲ့ အဖွဲ့က ကျူးလွန်နိုင်ဖွယ်ရာ စစ်ဆေးတွေ့ရှိထားပြီး  အဓိကတာဝန်ရှိသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ကျူးလွန်သူတွေကို PDF ဖြစ်ဖြစ် ၊​ ပကဖ  အဖြစ် အသိမအမှတ်ပြုမှာမဟုတ်သလို ပြစ်မှုကျူးလွန်သူတွေကိုင်ဆောင်တဲ့ လက်နက်တွေကို ခရိုင်ကွက်ကဲရေးအနီးကပ်ကြီးကြပ်မှုနဲ့ ဖြုတ်သိမ်းရေး ဆောင်ရွက်နေတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *