ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်

သြဂုတ်(၇) နေပြည်တော်

ယနေ့ သြဂုတ်လ(၇)ရက်နေ့ မနက်(၈)နာရီကျော်မှာ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သွားပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေက အမှတ်(၂)စစ်ဆေးရုံ ခုတင်(၁၀၀၀)ဆန့်တွင် ကွယ်လွန်ခဲ့တာဖြစ်ပြီး စျာပနကို နိုင်ငံတော်စျာပနအဖြစ်ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ကနေ သြဂုတ်လ(၉)ရက်နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ပြီး ဒီကာလအတွင်း နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျှော့ချ လွှင့်ထူသွားကြရန် ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ကျန်းမာရေးကြောင့် ဆေးခွင့်နဲ့ အနားယူနေခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ အစားမစားနိုင်တာ၊ အဖျားတက်တာ ၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာတာတွေကြောင့် ဆေးကုသမှုခံယူနေခဲ့ရတာလည်းဖြစ်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေက လှုပ်ရှားမှုတုန့်နှေးခြင်းနှင့် အစာအာဟာရ စားသုံးနိုင်မှုလျော့နည်းမှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ဆေးစစ်ကြည့်ရာအာရုံကြော နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါခံစားနေရတာပါ။

ဒီလိုအာရုံကြောနှေးကွေးတုံ့ဆိုင်းတဲ့ရောဂါခံစားနေရပြီး အမှတ်(၂)စစ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ကြေညာပြီး (၁)ရက်မှာပဲ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

သူကွယ်လွန်ချိန်မှာ အသက်(၇၀)ကျော်အရွယ်ရှိပြီဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သလို အရပ်သားအစိုးရ (NLD)လက်ထက်မှာ ဒုတိယသမ္မတတာဝန်ယူခဲ့ဖူးပြီး ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာတော့ ကာလုံမှာ ယာယီသမ္မတအဖြစ်ဦးဆောင်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *