ရပ်ဆိုင်းခဲ့ရတဲ့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေကြောင့် လျှပ်စစ်မီးမလုံလောက်လို့ စစ်ကောင်စီဆို 

 မေ ၂၂ ၊ မန္တလေး 

လူထုတွေကန့်ကွက်လို့   မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအပါအဝင် တခြားသော လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေ ရပ်နားခဲ့ရတာကြောင့် လျှပ်စစ်မီးမလုံလောက်မှုတွေဖြစ်ပေါ်လာခဲ့ရတယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။ 

မေလ ၂၀ ရက်နေ့ကပြုလုပ်တဲ့ စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးဒုတိယနေ့မှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပျှမ်းမျှ  ၅၈၀၀ မဂ္ဂါဝပ်ခန့်ရှိခဲ့ရာမှာ စီမံကိန်းတွေနဲ့စက်ရုံအသီးသီးဆီကနေ မဂ္ဂါဝပ် ၂၈၀၀ ဝန်းကျင် (ထက်ဝက်နီးပါးကိုသာ)  ထုတ်လုပ်နိုင်တဲ့အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ 

“ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ခြောက်ထောင် ရရှိမည်ဖြစ်ကြောင်း ၊ ရှိပြီးသားဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတို့ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်နေသည့် အနေအထားသို့ပင်ရောက်ရှိမည်” ဟု သူက ပြောဆိုတာဖြစ်ပါတယ်။ 

နိုင်ငံအတွင်း လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို  ရေအားမှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်မှ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (သဘာဝဓာတ်ငွေ့၊ ရေနံဓာတ်ငွေ့ရည်၊ ကျောက်မီးသွေး)မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်းထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက လျှပ်စစ်ရရှိရေးအတွက် ရုရှားနဲ့ ပူးပေါင်းပြီး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ သဘောတူညီမှုတွေရှိထားသလို   အနိမ့်တမံ Low-Head Dam တွေကို ပြုလုပ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်သွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ဧရာဝတီမြစ်အတွင်း အနိမ့်တမံ ၁၆ ခုတည်ဆောက်သွားဖို့ရှိနေပြီး ဦးစားပေးလုပ်ဆောင်မယ့်နေရာ ၄ ခုရှိတယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *