ရာသီဥတုဖောက်ပြန်မှုကြောင့် ဗန်းမောက်မြို့မှ တောင်သူများ စပါးစိုက်ပျိုးဖို့ ခက်နေ

ဇူလိုင် ၃၁ ၊ ဗန်းမောက် 

ရာသီဥတုဖောက်ပြန်ပြီး မိုးရေနည်းပါးနေတာကြောင့် ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက် အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့  တောင်သူတွေကပြောပါတယ်။ 

ဗန်းမောက်အနောက်ပိုင်းဒေသမှာ ဆည်ရေမြောင်းသွင်းပြီး စိုက်ပျိုးတဲ့ လယ်တွေနဲ့ မိုးရေခံလယ် နှစ်မျိုးကို စိုက်ပျိုးကြပြီး  ဒီနှစ်မှာ လိုသလောက် ရေမရရှိနေတာကြောင့်  အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 “ရေက အခု မိုးရွာခဲ့တာလေးပါ့။ အရင်က တစ်စက်မှ မိုးမရွာဘူး။ ရေခန်းလို့ အခု မိုးရွာခဲ့တော့ ရေကို လုကြ ယက်ကြပါ့။” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

   စပါးစိုက်ပျိုးနိုင်ဖို့အတွက် မိုးရေ လုံလုံလောက်လောက်မရှိတဲ့အတွက် စပါးစေ့ အခြောက်ကြဲ(ပတ်ကျဲ)တဲ့  နည်းစနစ်ကို သုံးနေကြရတယ်လို့လည်း ဆိုပါတယ်။

 “ကျွန်မတို့က ပျိုးလိုတဲ့အခါကြတော့ လယ်အောက်ပိုင်းအကုန်လုံးကို စိုက်ကြဲ ကြဲလိုက်ရတော့တာ။ ရေလိုကြတယ်။ ပျိုးတွေလည်း လိုကြတယ်။”

   ဗန်းမောက်အနောက်ပိုင်းဒေသ လယ်စိုက်တောင်သူတွေက အရင်နှစ်တွေမှာ ပျိုးပင်ကောက်စိုက်စနစ်နဲ့ စိုက်ခဲ့ကြပြီး ယခုနှစ် မိုးနည်းတဲ့အတွက် အတွက်ကြောင့် ပတ်ကျဲတဲ့နည်းစနစ်ကို ပထမဆုံးအကြိမ်အနေနဲ့ အသုံးပြုလာရတာပဲ ဖြစ်ပါတယ်။

 ဗန်းမောက်မြို့နယ်အတွင်းမှာ မိုးရေချိန်တွေက တစ်နှစ်ထက်တစ်နှစ်လျော့နည်းလာနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ မိုးရွာရက် ၇၂ ရက်ရှိခဲ့ပြီး မိုးရေချိန် ၅၂ လက်မသာရှိခဲ့တာလည်းဖြစ်ပါတယ်။ 

   စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးတစ်လျှောက်မှာလည်း မိုးခေါင်ရေရှားခြင်းနှင့် စစ်ရေးအခြေအနေတွေကြောင့် လယ်ယာစိုက်ပျိုးဖို့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း ခရီးသွားသတင်းအရင်းအမြစ်များ ပြောပြချက်အရ သိရှိရပါတယ်။

  မြန်မာနိုင်ငံတစ်ဝှမ်းက အချို့ဒေသတွေမှာ ရေကြီးရေလျှံမှုတွေကြောင့် မိုးစပါးမစိုက်နိုင်သည့်ဒေသတွေလည်း အများအပြားရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *