
အရှေ့ဖျားစီးပွားရေးဖိုရမ် EEF ကိုတက်ရောက်နေတဲ့ မြန်မာစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတတို့က စက်တင်ဘာလ ၇ ရက်နေ့မှာ သီးသန့်တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုက စစ်ကောင်စီဥက္ကဌအတွက် ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။
“ အရှေ့တောင်အာရှမှာ မြန်မာက ရေရှည်ပြီး ယုံကြည်စိတ်ချရဲ့တဲ့မိတ်ဖက်ဖြစ်ပါတယ်။” လို့ စတင်တွေ့ဆုံချိန် သမ္မတပူတင်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ထုတ်ပြန်ထားတာမရှိသေးပေမယ့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ရုရှားသတင်းအေဂျင်စီ TASS က ရေးသားထားပါတယ်။
ရုရှားမြန်မာကုန်သွယ်ရေးက အနည်းငယ်သာရှိသေးပေမယ့်လည်း ၆ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု ပမာဏက ၂.၄ ဆတိုးလာတယ်လို့ သမ္မတပူတင်က ထည့်သွင်းပြောဆိုထားပါတယ်။
ရုရှားနဲ့မြန်မာ အစိုးရချင်းကုန်သွယ်မှု နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ၂၀၁၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး NLD အရပ်သားအစိုးရလက်ထပ် ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်သာ ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး စက်တင်ဘာလမှ ဘဏ်နှင့်အာမခံလုပ်ငန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ငါးလုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ သတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအကြောင်းကို နှစ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
လတ်တလော ကုန်သွယ်မှုအနေနဲ့ ရုရှားနိုင်ငံက စက်သုံးဆီတွေကို ပေါက်စျေးနဲ့ လျော့နည်းတဲ့ စျေးနဲ့ စစ်ကောင်စီက ရရှိထားပြီး စက်တင်ဘာလထဲမှာပဲ ရောက်ရှိမယ်လို့မျှော်မှန်းထားကြောင်း သိရပါတယ်။
ရုရှားနိုင်ငံကို အာဏာသိမ်းပြီးနောက်သုံးကြိမ်တိုင်ရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဌက ဒီတစ်ကြိမ်မှာ ရုရှားသမ္မတနဲ့တွေ့ဆုံခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။