
ဟုမ္မလင်းမြို့နယ်အတွင်း ဥရုချောင်းရေကြီးရေလျှံဖြစ်နေတာကြောင့် ချောင်းတလျောက်က ကျေးရွာတွေမှာ ရေမကျသေးပဲ ရေနစ်မြှုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းကစ နမ့်တော အောက်တောင်ပေါ်တံတား နဲ့ မှိုင်းကိုင်း နောင်ခမ်း ခေါက်ငိုးတံတား ရေကျော်မှုတွေဖြစ်ပွားနေတာ ဒီနေ့ ဇွန်လ ၁၅ ရက်နေ့အထိ ဖြစ်ပွားနေသေးတယ်လို့ သိရပါတယ်။
“ အဲ့နားမှာတော့ ဆိုင်ကယ်တွန်းနေရတုန်းပဲ ၊ ရေကကြီးနေသေးတယ်” လို့ ခရီးသွားတစ်ဦးက ပြောပြပါတယ်။
ဒီရေကြီးမှုကြောင့် ခေါက်ငိုး ၊ မှိုင်းကိုင်း နဲ့ ဟွေဖလာကျေးရွာတွေမှာ ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
“ ရေကြီးတယ်ဆိုတာကတော့ လောလောဆယ်တော့ ရေကကြီးတာပေါ့ဗျာ။ဟို ၂၀၁၉ မြှုပ်သလောက်တော့မရှိဘူး။ ဒီနေ့လည်း ကြီးတယ် ၃ ရက်မြောက်ပါ့ဒီနေ့က ရွာအမြှီးပိုင်းတော့မြှုပ်နေတယ်”လို့ ဟွေဖလာကျေးရွာသားတစ်ဦးက ဆိုပါတယ်။
ဥရုချောင်းရေကြီးမှုကြောင့် ချောင်းတလျှောက်က ကျေးရွာတွေမှာ ရေဝင်နေပြီး ယခင်ကနှစ်တွေထက် လျှော့နည်းနေသေးတယ်လို့ ဆိုကြပါတယ်။
ဥရု ချောင်းဘေးတစ်လျှောက် ရွှေမျှောတူးဖော်မှုတွေကြောင့် ရေလမ်းကြောင်းပြောင်းလဲမှုတွေဖြစ်ပွားနေပြီး ဒီနှစ်က ယခင်နှစ်တွေထက် ရေကြီးရေလျှံမှုတွေ ပိုဖြစ်ပွားလိမ့်မယ်လို့ ဒေသခံတွေကြား ပြောဆိုမှုတွေလည်းရှိနေပါတယ်။
ဒီနှစ်က စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ မိုးအဝင်စောပြီး မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒက ခန့်မှန်းထားပါတယ်။