ရေဘေးတိမ်းရှောင်ထားသူတွေကို (၆)လအတွင်း နေရပ်ပြန်နိုင်ဖို့ပြုလုပ်သွားမယ်လို့ဆို

စက်တင်ဘာ ၁၈ ၊ မန္တလေး

နိုင်ငံတွင်း နေရာအနှံ့က ရေဘေးတိမ်းရှောင်နေရတဲ့သူတွေကို (၆)လအတွင်း ၎င်းတို့နေရပ်ထံ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား  အမြန်ဆုံးဆောင်ရွက်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က မနေ့က စက်တင်ဘာလ(၁၈)ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

သို့သော် ယနေ့အထိကတော့ စစ်ကောင်စီရဲ့ ထောက်ပံ့ပေးမှုများကို မရရှိသေးပဲ ဒေသတွင်းမှာ ကိုယ်ထူကိုယ်ထ၊ ရေဘေးကူညီပေးရေးအဖွဲ့အစည်းများရဲ့ အကူအညီများဖြင့်သာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်နေရတယ်လို့ နေပြည်တော်၊ပျဉ်းမနားမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးအတွက်ကတော့ လိုအပ်နေဆဲပဲ တစ်ချို့ဆိုအိမ်တွေဘာတွေ ပါသွားတော့ ဘာမှမကျန်ဘူးလေ ဒီက မြေပြင်အနေအထားအရဆိုရင်တော့ ပြည်သူတွေအချင်းချင်းကူညီနေကြတာပဲရှိပါတယ် အစိုးရက ဘယ်လိုလုပ်နေလဲဆိုတာတော့ မသိဘူး လက်လှမ်းမမှီဘူးဖြစ်နေတဲ့အတွက်’ဟု ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ပျဉ်းမနားသံဃာတော်တစ်ပါးက ပြောပြပါတယ်။

စစ်ကောင်စီဘက်က ယခုလိုအဆောတလျင်ထူထောင်ရေးများလုပ်ဖို့ ပြောဆိုလာခြင်းက လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူဖို့ ရက်ပိုင်းသာလိုတော့တာကြောင့်  ပျက်စီးမှုအနည်းအများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် နေရပ်ပြန်နိုင်ကြဖို့ အနည်းငယ်ကြာမြင့်ဦးမှာ ဖြစ်တယ်လို့ဆရာတော်က အခုလိုဆက်ပြောပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ နေနေကြတုန်းပဲ အခုလည်းတစ်ချို့တွေက အိမ်ပြန်ချင်ကြပေမယ့် အိမ်မှာက အနံ့အသက်တွေတော်တော်ဆိုးနေတုန်းပဲလေ  ရေဘယ်ထိကျမယ်ဆိုတာလည်း မပြောတတ်ဘူး မုန်တိုင်းနောက်ဆက်တွဲတွေ၊မုန်တိုင်းမရောက်ပေမယ့်မိုးတော့ရောက်မှာပဲလေ အဲ့မိုးကဖြင့်ခန့်မှန်းလို့မှမရတာ” 

ရေကြီးရေလျှံခဲ့မှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သေဆုံးသူ (၂၂၆)ဦး ၊ ပျောက်ဆုံးသူ(၇၇)ဦး၊ ရေနစ်မြှုပ်ခဲ့ပျက်စီးခဲ့တဲ့နေအိမ် အလုံးရေ(၂)ထောင်ကျော်၊ ရေဘေးတိမ်းရှောင်နေရသူ (၄)သိန်းနီးပါးရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ မုန်းတိုင်းငယ်ရဲ့အရှိန်ရိုက်ခတ်မှုကြောင့် တိုင်းနဲ့ပြည်နယ်(၁၃)ခုက နေရာအချို့တွေမှာ လာမယ့်စက်တင်ဘာလ (၂၁)ရက်နေ့ကနေ (၂၅)ရက်အတွင်း နောက်ထပ်မိုးကြီးရေလျှံမှုများဖြစ်ပွားနိုင်သေးတယ်လို့ မိုးဇလက ထပ်မံသတိပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *