
မတ် ၁၄ ၊ သီပေါ
နမ္မတူမြစ်ပေါ် တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ရပ်တန့်ဖို့အတွက် “ နမ္မတူမြစ်သည် ရောင်းရန်” မဟုတ်ဆိုတဲ့ အွန်လိုင်းကမ်ပိန်းတစ်ခုကို Save Namtu River အဖွဲ့က ပြုလုပ်နေပါတယ်။
https://forms.gle/2STW1pkf1VaqTzB1A
စစ်အုပ်စု၏ ယုတ်မာမှုများကိုတားဆီးဖို့ ၊ သူတို့ရဲ့ အကျိုးအမြတ်များကိုပိတ်ပင်ဖို့ ၊ နမ္မတူမြစ်ဆက်လက်လွတ်လပ်စွာစီးဆင်းစေရန် သီပေါဒေသခံလူထုနှင့်အတူ သွေးစည်းညီညွတ်မှုကိုပြသဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အွန်လိုင်းမှ လက်မှတ်ရေးထိုးပေးကြဖို့ တောင်းဆိုနေတာလည်းဖြစ်ပါတယ်။
ရေကာတာလုပ်တာကြောင့် ကောင်းခြင်းဆိုးခြင်းတွေ ရှိနေပေမယ့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေ ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ နေရပ်စွန့်ခွာရတာတွေကို ဒေသခံတွေက ပိုခံစားရပါတယ်လို့ဆိုပါတယ်။
နမ္မတူမြစ်ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်း ၅ ခုတည်ဆောက်ဖို့ သဘောတူလက်မှတ်ရေးထိုးထားပြီး ရဲရွာရေအားလျှပ်စစ် စီမံကိန်းတစ်ခုပြီးစီးထားကာ
လာမယ့် နှစ်နှစ်အတွင်းမှာလည်း အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းကိုလည်း ပြီးစီးလျာထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ စွမ်းအင်တွေကို ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၅၀ ကျော်ကနေ ရယူဖို့ရှိနေပြီး မီဂ္ဂါဝပ်သုံးထောင်ကနေ လေးသောင်ကျော်အထိ ထုတ်ယူသွားမှာဖြစ်ကာ ရာခိုင်နှုန်းအများစုကို ပြည်ပနိုင်ငံတွေကို ရောင်းချသွားဖို့ စီစဉ်ထားကြတာလည်းဖြစ်ပါတယ်။
နမ္မတူမြစ်ပေါ်တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့တွေက စီမံကိန်းစတင်ကတည်းက လက်ရှိအချိန်ထိ ကန့်ကွက်နေကြဆဲလည်းဖြစ်ပါတယ်။