ရောင်းဟီးကျေးရွာသား၄၀ကိုစစ်တပ်နဲ့ပျူစောထီးတွေဖမ်းဆီးထား

မေ ၁၁ ၊ ဖောင်းပြင်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ရောင်းဟီးကျေးရွာသား ၄၀ ကို စစ်တပ်နဲ့ ပျူစောထီးတွေက မေလ ၉ ရက်နေ့ကတည်းကဖမ်းဆီးထားတာ ဒီနေ့ဆို (၂) ရက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။ 

“ရောင်းဟီးမှာ စပါးလေးထောင်ကျော် မီးရှို့ခံရတယ်။ နေအိမ်ခြေ ၂၁ အိမ်မီးရှို့တယ် အဲ့မှာသူတို့ခေါ်သွားတာ လူပေါင်းလေးဆယ်ကျော်လို့ကြားတယ်။ ဒီနေ့ဆိုနှစ်ရက်ရှိပြီ ။ သူတို့သင်ကြီးရွယ်အိုတွေ ၊ ကလေးတွေ၊  အရွယ်ကောင်းကလေးတွေပါတာပေါ့၊ ကလေးတွေ လေးငါးဆယ်ယောက်ပါတယ်။ ၆ လောက်ကပြန်လွတ်ပြီးပြီလို့ကြားတယ်လို့  “  ရောင်းဟီးကျေးရွာနဲ့ အနီးဆုံးကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ 

သူတို့တွေကို ရောင်းဟီးကျေးရွာအနီးက ရွှေညောင်ပင် ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းက PDF တွေကို ထောက်ပံ့ပေးတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သာမာန်အရပ်သားပြည်သူတွေနဲ့ ကလေးငယ် (၁၀) ဦးတွေပါဝင်ပြီး ကလေး (၆) ယောက်ပြန်လွတ်လာတယ်လို့လည်း အရပ်သတင်းတွေအရသိရပါတယ်။ 

ရောင်းဟီးပတ်ဝန်းကျင်အနီးဖြစ်တဲ့ ရွှေညောင်ပင် ၊ ပုဂံတောင် ၊ ချောင်းဂွ စတဲ့ ကျေးရွာတွေမှာ ပျူစောထီးအဖွဲ့တွေဖွဲ့ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ 

ရောင်းဟီးရွာက နေအိမ် ၂၁ အိမ်ကိုလည်း PDF ထောက်ခံတယ််ဆိုပြီးတော့ မီးရှို့သွားခဲ့ပါတယ်။ မီးရှို့မှုကြောင့် စပါး တင်းလေးထောင်ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ရေးတင်းမာမှုနဲ့ အစစ်အဆေးတင်းကြပ်ထားမှုတွေကြောင့် ရောင်းဟီး ၊ ပုဂံတောင် ၊ ချောင်းဂွ စတဲ့ကျေးရွာတွေကို သွားလာလို့မလွယ်ကူကြောင်းနဲ့ သတင်းအချက်အလက်တွေလည်း နောက်ကျမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *