ရွေးကောက်ပွဲကို တစ်လအကြာကျင်းပဖို့ စစ်ကောင်စီပြင်ဆင်နေ 

မတ် ၂၆ ၊ နေပြည်တော် 

စစ်ကောင်စီက ကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာလကနေ ဇန်နဝါရီလ ဒုတိယအပတ်အထိ ကျင်းပသွားမယ်လို့ မနေ့က ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ရွေးကောက်ပွဲကို ဒီဇင်ဘာလ တတိယပတ်ကနေ ဇန်နဝါရီလ ဒုတိယပတ်အထိ တစ်လအကြာ ကျင်းပသွားမှာဖြစ်သလို  ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့မြို့နယ်တွေမှာ  အဆိုပါတစ်လအတွင်း ပွဲဖြစ်မြောက်ပြီးစီးနိုင်ကြောင်း ဆိုပါတယ်။ 

မဲပေးစနစ်ကို Electronic  Voting Machine နဲ့ မဲပေးနိုင်မည်ဖြစ်တာကြောင့်  အချိန်တိုအတွင်းမှာ မဲရလဒ်များရရှိနိုင်မှာဖြစ်ပြီး ပြည်ပမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း ဆန္ဒမဲပေးနိုင်ရန်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၎င်းတို့စစ်ကောင်စီအတွက် ယခုနှစ်၂၀၂၅ နှစ်အလွန်မှာ ကြီးမားတဲ့နိုင်ငံရေးစိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်သလို  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာနေစေရေးအတွက်ကိုလည်း ထိန်းကျောင်းစီစဉ်ဖို့လိုအပ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံကို ပြန်လည် မှတ်ပုံတင်တဲ့ပါတီနဲ့ ပါတီအသစ် မှတ်ပုံတင်ထားတာ စုစုပေါင်း  ပါတီ ၅၄ ပါတီရှိထားပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်ဟာ လက်ရှိအချိန်ထိ ရွေးကောက်ပွဲကျင်းပဖို့ တိကျသေချာတဲ့ အစီအစဉ်တွေ ဆောင်ရွက်ထားတာမရှိသေးဘူးလို့ တိုင်းရင်းသားပါတီတွေက ဝေဖန်ထားပါတယ်။ 

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ  ယခုလမတ်လအစပိုင်းမှာ ရုရှားနိုင်ငံ နှင့် ဘီလာရုစ်နိုင်ငံ တွေရဲ့ တရားဝင်ဖိတ်ကြားမှုများအရ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ့်အကြောင်းကို တရားဝင်ထုတ်ပြောခဲ့တာလည်းဖြစ်ပါတယ်။ 

အခုကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ရုရှားနှင့်ဘီလာရုစ်က ထဲထဲဝင်ဝင် ထောက်ခံပေးမှာဖြစ်သည့်အပြင် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေပါ လွှတ်ပေးမယ်လို့လည်းဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *