

အောက်တိုဘာ ၁၃ ၊ မိုးညှင်း
ရွေးကောက်ပွဲ ပထမအပိုင်းမှာပြုလုပ်မယ့်မြို့နယ်တွေစာရင်းထဲပါဝင်တဲ့ ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်မှာ ကပ်ထားတဲ့ မဲစာရင်းတွေကို လာရောက်စစ်ဆေးကြည့်ရှူသူအရေအတွက် အလွန်နည်းပါးနေသေးကြောင်း ဒေသခံများထံမှ သိရပါတယ်။
“အုပ်ချုပ်ရေးမှူးရုံးမှာ မဲစာရင်းတွေကပ်ထားပြီး ဘယ်သူမှလဲလာမကြည့်ကြဘူး ဦးတို့ပဲရှိတယ်။ ကိုယ့်နာမည်ပါမပါ လာလဲမစစ်ဆေးကြဘူး မဲထည့်ကြဖို့ စိတ်ဝင်စားမှုရှိကြလားတောင်မသိတော့ဘူးပါ့” ဟု မိုးညှင်းမြို့တွင်း ရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးနဲ့နီးစပ်သူတစ်ဦးက အခုလိုပြောပြပါတယ်။
မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီးတစ်ဝိုက်အားလုံးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲစာရင်းကပ်ထားပြီဖြစ်ပါတယ်။
“ ဘီလူးမြို့မှာတော့ ကပ်ထားတယ် သွားကြည့်ကြပါတယ်” မိုးညှင်းမြို့အနီးရှိ ဘီလူးမြို့ကျေးရွာသားတစ်ဦးကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မိုးညှင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိတဲ့ဦးရေ ၁၆၀၇၈၃ ဦးရှိခဲ့ပြီး မဲရုံပေါင်း ၁၀၆ ရုံရှိကြောင်းသိရပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေက တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(UNDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) တို့ ဖြစ်ပါတယ်။
ဒီဇင်ဘာ(၂၈)ရက်နေ့မှာ စတင်ပြုလုပ်မယ့် ရွေးကောက်ပွဲပထမအပိုင်းတွင်း နိုင်ငံအတွင်းရှိ ၃၀.၉ရာခိုင်နှုန်းမှာသာကျင်းပမှာဖြစ်တာကြောင့် မြို့နယ်၃၃၀ရှိတဲ့အထဲ ၁၀၂မြို့မှာသာ ဦးစွာပြုလုပ်မှာ ဖြစ်ပါတယ်။
အဲ့ထဲမှာ ကချင်ပြည်နယ်က ရွေးကောက်ပွဲ အပိုင်း (၁) တွင်ပါဝင်တဲ့ မြစ်ကြီးနားမြို့နဲ့ စစ်ရေးပြင်းထန်နေတဲ့ ဖားကန့်မြို့နှစ်မြို့မှာ လုံခြုံရေးစိုးရိမ်မှုတွေရှိလာတာကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို အထွေထွေအုပ်ချုပ်ရေးဌာနက အောက်တိုဘာ (၈)ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။
