ရွေးကောက်ပွဲအလွန် မိုးညှင်းမြို့နယ်မှာ  စစ်ရေးတင်းမာလာ

မိုးညှင်းမြို့နယ် နမ္မားမြို့အဝင်ကိုတွေ့ရစဉ်/ ShanNi Voice

ဇန်နဝါရီ ၂၁ ၊ မိုးညှင်း 

ရွေးကောက်ပွဲအပိုင်း(၁) ဒီဇင်ဘာ(၂၈) ရက်နေ့ ထဲ  ပါဝင်ကျင်းပပြီးစီးခဲ့တဲ့ ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်မှာ  စစ်ကော်မရှင်ဘက်မှ  ယခုရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေရှိလာသလို ဒေသတွင်းမှာ စစ်ရေးတင်းမာလာတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မနေ့က ဇန်နဝါရီ(၂၀)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင်မှာ မိုးညှင်းမြို့၊ နန်းမားကျေးရွာအနီးရှိ KIA+PDF ပူးပေါင်းတပ်ဖွဲ့ များတည်ရှိရာ အရှေ့တောင်သို့အသွားလမ်းပိုင်းကို  စစ်ကော်မရှင်တပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှုရှိခဲ့ကြောင်း နန်းမားဒေသခံတစ်ဦးက ပြောပြပါတယ်။

“ အရှေ့တောင်အထွက်နားမှာ လေယာဉ်လာချတာတော်တော်ကြာတယ်။ တစ်နာရီကျော်ကျော်လောက်ရှိတယ်    လှည့်ပတ်ပြီးလာချတာ ခေါက်တုံ့ခေါက်ပြန်လာချတာ ဝဲနေတာ  တစ်စီးတည်းကို လှည့်နေသလိုပဲ ဒါမှမဟုတ် နှစ်စီးသုံးစီးနောက်လိုက်ပြီးချတာလားတော့မပြောတတ် အသံကတော့အကျယ်ကြီးပါ့   နန်းမားအထွက် တပ်မဟာ(၈)နားမှာဖြစ်မယ်” လို့ သူက ပြောပါတယ်။ 

အဲ့ဒီ အရှေ့တောင်ဝန်းကျင်တဝိုက် လေကြောင်းမှ ဗုံးကျဲချမှုတွေဟာ တစ်နာရီအတွင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။ 

ဒါ့အပြင် မနေ့ကတစ်ရက်တည်းမှာပဲ  KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့  ခံတပ်ချထားတဲ့ အင်းတော်ကြီးဒေသ၊ ဟဲပါးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

“ မနေ့က ဟဲပါးမှာလည်း တိုက်ပွဲဖြစ်တယ်တဲ့  ဒီနေ့အထိ ဖြစ်လိုက်နားလိုက်ပဲ  ဟဲပါးက သူတို့(KIA+PDF)ပဲရှိတော့တာ ခံတပ်ချပြီးဝင်နေနေကြတာသူတို့က  ရွာခံတွေမရှိတော့ဘူး  အိမ်စောင့်တွေပဲကျန်တာ”ဟု ဟဲပါးဒေသခံနဲ့အဆက်အသွယ်ရရှိခဲ့သူ မိုးညှင်းမြို့က နေထိုင်သူတစ်ဦးက ပြောပြပါတယ်။ 

ဟဲပါးကျေးရွာက ကျေးရွာဒေသခံအားလုံးနီးပါးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မိုးညှင်းမြို့ပေါ်နဲ့  အနီးကျေးရွာတွေကို စစ်ဘေးတိမ်းရှောင်နေကြပြီး ပြန်လည်ဝင်ရောက်နေထိုင်ခြင်းများ မရှိသေးကြောင်း သိရပါတယ်။

အင်းတော်ကြီးဒေသအတွင်းရှိ အင်းအနောက်ကမ်းကျေးရွာတွေဖြစ်တဲ့ နန့်မွန်းမြို့၊မိုင်းနောင်ကျေးရွာ ၊မမုံကိုင်ကျေးရွာ၊လုံးတုံမြို့ (အင်းတော်ကြီးမြို့) နဲ့ အင်းအရှေ့ဘက်ကမ်းရှိ ဆနွင်းကုန်း၊အင်းသာကျေးရွာများကို ရှမ်းနီအမျိုးသားများတပ်မတော် SNA  ၊ စစ်တပ် နဲ့  ပြည်သူ့စစ်တို့ထိန်းချုပ်ထားပြီး ကျန်ကျေးရွာအားလုံးကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *