
ဇန်နဝါရီ ၈ ၊ ရန်ကုန်
ရွေးကောက်ပွဲ ပထမပိုင်းအပြီးအထိ ရွေးကောက်ပွဲဥပဒေနဲ့ တရားစွဲဆိုအရေးယူခံရသူ (၃၃၅) ဦးအထိရှိနေတယ်လို့ ရွေးကောက်ပွဲလုံခြုံရေး ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
(၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့အထိ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှာ ကာကွယ်မှု ဥပဒေအရ အရေးယူမှုပေါင်း (၂၄၀)မှုထိ ရှိခဲ့ပြီး အမျိုးသမီး (၆၀) ဦးနဲ့ အမျိုးသား (၂၇၅) ဦးပါဝင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲပထမအပိုင်းကို မြို့နယ်ပေါင်း (၁၀၂) မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး စတဲ့မြို့နယ်တွေမှာ ဒီဥပဒေနဲ့အရေးယူခံရသူတွေများပြားတာလည်းဖြစ်ပါတယ်။
အရေးယူခံရတဲ့သူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်များ ၊ ဒါရိုက်တာများ ၊ ဟာသလူရွှင်တော််များ နဲ့ ဒေသခံအများအပြားပါဝင်နေတယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။
ဒီဥပဒေကို (၂၀၂၅) ခုနှစ် ဇူလိုင်လမှာ အတည်ပြု ပြဌာန်းခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ပထမအပိုင်းပြီးသွားပေမယ့်လည်း ရွေးကောက်ပွဲလုံခြုံရေး ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုပါတယ်။
ဒါ့အပြင် ပထမပိုင်းရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် မဲပေးခဲ့ကြသူတွေကို ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်ခြင်းတွေရှိနေတာကြောင့် လာမယ့် ရွေးကောက်ပွဲ အပိုင်း (၂ )မှာ ပြည်သူ့စစ် နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ အပြင် အခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းကာကွယ်အရေးယူသွားမယ်လို့ သူကပြောထားပါတယ်။
ရွေးကောက်ပွဲပြီးတဲ့ညနေပိုင်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာမြို့မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး ဒီနေ့အထိပွဲတွေဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။
