ဧပြီ ၅ ၊ ကန့်ဘလူ
ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းဟာ ဧပြီလ ၁ ရက်နေ့ကနေ ဒီနေ့ ဧပြီလ ၅ ရက်နေ့အထိ ငါးရက်ကြာ ပိတ်ထားဆဲဖြစ်ပြီး ကုန်တင်ကား ၊ ခရီးသည်တင်ကား ရာနှင့်ချီ ပိတ်မိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မန္တလေးမြို့မှာ သွားတဲ့ ရာနဲ့ချီတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေဟာ ကန့်ဘလူမြို့နယ် ပေကြီးကျေးရွာ ပိတ်ထားပြီး မြစ်ကြီးနားမြို့မှာ ဆင်းလာတဲ့ ကားတွေဟာ အင်းတော်မြို့နယ် အတွင်း ပိတ််ထားတာဖြစ်တယ်လို့ ပိတ်မိနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
“ ပေကြီး ပိတ်တာပါဆို၊ ပေကြီး ၊ စံပယ်နံ့သာ၊ ငှက်ပျောတိုင် ၊ ဘယ်ဘက်က အပိတ်သလဲဆိုတော့ အကုန်ပိတ်ထားတယ်။ စစ်တပ်ဘက်ကလည်း ပိတ်တယ်။ ဟိုဘက်(PDF) ကလည်း ပိတ်တယ်။ တိုက်ပွဲဖြစ်တယ်လေ။ ၁၁ ပေါက်၊ ကျောက်တန်း ၊ မဲဇာ အဲ့မှာဖြစ်နေတာ “ လို့ ၄ ရက်ကြာ ပိတ်မိနေတဲ့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
တိုက်ပွဲတွေဟာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမအနီးမှာဖြစ်ပွားတာဖြစ်ပြီးတော့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရပါဘူး။
လမ်းကြောင်းပိတ်ထားမှုတွေကြောင့် ကုန်ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးမှုတွေရှိနေပြီး စက်သုံးဆီကားများလည်း ပိတ်မိနေခြင်းကြောင့် ကချင်ပြည်နယ်က မြို့တချို့မှာ စက်သုံးဆီစျေးမြင့်တက်မှုတွေရှိလာနေတယ်လို့ သိရပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွေမှာ တိုက်ပွဲများကြောင့် မကြာခဏလမ်းပိတ်မှုဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။