
မတ် ၁၄ ၊ ဟုမ္မလင်း
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီဆက်လက်တည်ထောင်ခွင့်အတွက် ပါတီမှတ်ပုံတင်ပြန်လျှောက်ထားပြီလို့ မတ်လ ၁၄ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
“ စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်ငါးမြို့နယ်ရုံးခန်းဖွင့်ဖို့ကြိုးစားရမှာပေါ့၊ လက်ရှိအချိန်မှာ အခက်အခဲရှိပေမယ့် ဖြစ်နိုင်မယ်လို့တော့ ယူဆပါတယ်။”ဟု SSP ပါတီ ဥက္ကဌ ဦးအောင်ခင်းက ရှမ်းနီအသံကို ပြောဆိုထားပါတယ်။
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ ( SSP ) ပါတီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသာ ဝင်ရောက်စည်းရုံးမယ့် ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမှာလို့ သိရပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P)နှင့် လူထုပါတီ (The Party for People) တို့က ပါတီမှတ်ပုံတင်လာရောက်လျှောက်ထားခဲ့တယ်လို့ ရွေးကောက်ပွဲမကောင်ရှင်က သတင်းထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဆီမှာ တိုင်းရင်းသားပါတီ (၉) ပါတီ လျှောက်ထားမှုရှိပြီး တခြားသော ပြည်မပါတီ ၁၂ ပါတီ လျှောက်ထားမှုတွေရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ဆီကနေ သိရပါတယ်။
မှတ်ပုံလျှောက်ထားတဲ့ ပါတီ ၂၁ ပါတီထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့် ပါတီ (၁၆) ပါတီရှိနေတယ်လို့ သိရပါတယ်။