မင်္ဂလာပါ
ရှမ်းနှစ်သစ် ၂၁၁၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပါပြီ ။တစ်နည်းအားဖြင့် ပြောလျှင် ရှမ်းမျိုးနွယ်စုများ၏ သာသနာကို ပိုင်ဆိုင်သည့် နှစ်သက္ကရာဇ် ၂၁၁၄ ခုနှစ်တိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။နှစ်သစ်မှသည် စိတ်သစ် လူသစ် ၊ အတွေးအခေါ်သစ်များဖြင့် နောင်နှစ်များစွာတိုင် ဆက်လက်လျှောက်လှမ်းကြရမည်ဖြစ်သည်။ ရှမ်းတိုင်းရင်းသားတို့သည် သာသနာတော် ရှမ်းတို့၏ ဌာနေကို ရောက်ရှိခဲ့ချိန်တွင် ကြီးမားသည့် အင်ပါယာတစ်ခုတည်ထောင်ခဲ့သည့် ကာလဖြစ်သည်။ကာလ အချိန်ပြောင်းလဲလာမှုများ ၊ အချင်းချင်းစည်းလုံးညီညွတ်မှုတည်ဆောက်မှုမရခဲ့သောကြောင့် အင်ပါယာပြိုလဲပျက်စီးခဲ့ရသည်။ ပြန်လည်တည်ထောင်နိုင်ရန်အတွက်လည်း အိပ်မက်မျှပင်မက်ခွင့်မရှိသည့်အနေအထားတွင်ရှိနေသည်။ ရှမ်းနီတိုင်းရင်းသားတို့သည်လည်း နှစ်ပေါင်းများစွာတိုင် ဖိနှိပ် ခံခဲ့ရမှုများကြောင့် စာပေ၊လူမျိုးများလည်း တဖြည်းဖြည်းတိမ်ကောပျောက်ပျက်လာခဲ့ကြရသည်။ တခြားအင်အားကြီးလူမျိုးများ၏ ဝါးမြိုမှု ၊ လက်နက်ကိုင်အုပ်စုများ၏ ဖိနိပ်မှုများကြောင့် ရှမ်းနှစ်သစ်ကူးများ သည်ပင်လျှင် ခိုးကြောင်ခိုးဝှက်ကျင်းပခဲ့ရသည့် ကာလများစွာရှိလာခဲ့သည်။ မကျင်းပနိုင်သည့် ကာလများစွာလည်းကြုံခဲ့ကြရသည်။ တိမ်ကောလာသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လက်ပိုက်ကြည့်နေခဲ့ရသည့် ကာလများစွာလည်းရှိခဲ့သည်။ ပွဲတော်ကျင်းပလျှင်ပင် အသက် အန္တရာယ်ခြိမ်းခြောက်ခံရသည့် အခြေအနေများနှင့်လည်း ဆုံခဲ့ကြသည်။ ယခုအချိန်တွင် တိမ် မြုပ်နေသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထုတ်ဖော်ခွင့် အနည်းငယ်ရခဲ့ပြီ။ မည်သူကို မျှ အားမကိုးပဲ ကိုယ့်ဖာသာကို အားကိုးကြပြီး တိမ်မြုပ်နေသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကိုထုတ်ဖော်ကြပါစို့။ ကိုယ့်ယဉ်ကျေးမှု ဓလေ့ ကိုယ်သည်သာ ဖော်ထုတ်နိုင်ရန်အသင့်တော်ဆုံးဖြစ်သည်။ အားသွန်ခွန်စိုက် ဖော်ထုတ်ကြလျှင်ဖြင့် နောင်တစ်ချိန် ရှမ်းနီတို့၏ တိမ်မြုပ်နေသည့် ရိုး ရာယဉ်ကျေးမှုများလည်း ပြန်လည်တောက်ပလာမည်။ ကွဲပြားနေသည့် အယူအဆများကိုလက်ခံကြပြီး စည်းလုံးညီညွတ်မှုများဖြင့် ၂၁၁၄ ခုနှစ်မှသည် ရှေ့လာမည့် နှစ်များစွာကို ယဉ်ကျေးမှု အမွေအနှစ်များလက်ဆင့်ကမ်းထိန်းသိမ်းရင်း ရှမ်းနီတို့၏ ပန်းတိုင်ဖြစ်သည့် ပြည်နယ်ရရှိရေး ကြိုးစားကြပါစို့ဟု နှစ်သစ်မှသည် တိုက်တွန်းလိုက်ရပါသည်။
အယ်ဒီတာ