ရှမ်းနီပါတီများပူးပေါင်းရေး မတ်လကုန်တွင် စတင်ဆွေးနွေးကြမည်

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်မှ ပါတီပူးပေါင်းရေးဆွေးနွေးနေစဉ်

ရှမ်းနီသံဃာတော်များ (အထူး)အစည်းအဝေးပြုလုပ်နေသည့်မြင်ကွင်းများ

ရှမ်းနီပါတီများ ပူးပေါင်းရေးအဖြစ်  မတ်လကုန်တွင် စတင်ဆွေးနွေးကြမည်ဟု ရှမ်းနီနှစ်ပါတီ က သဘောတူညီမှုရရှိခဲ့သည်။ 

ထိုသဘောတူညီမှုသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် ရှမ်းနီသံဃာတော်များ၏ အထူးအစည်းအဝေးတွင်  ရှမ်းနီသံဃာတော် များ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် သဘောတူညီခဲ့ခြင်းဖြစ်သည်။ 

“ အခုပေါင်းမယ်ဆိုလို့ရင်တောင်မှ ရွေးကောက်ပွဲကော်မရှင်က သူတို့သတ်မှတ်ထားတဲ့ကာလရှိ တယ်။ ပါတီတွေမှတ်ပုံတင်ခြင်းနဲ့ အမည်ပြောင်းတာတွေ ၊ ပူးပေါင်းပြီးတော့အမည်ပြောင်းတာတွေ သိရသလောက်တော့ အဲ့ကာလက လွန်သွားပြီ” ဟု ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ နာယက ဦးစံပြည့်က ရှမ်းနီအသံကိုပြောသည်။ 

ပါတီနှစ်ခုပူးပေါင်းရေးကို မည်သို့ပူးပေါင်းမည်ဆိုသည်ကို နှစ်ပါတီလုံးက ထိုအစည်းအဝေးတွင် ပြောဆိုထားခြင်းမရှိပေ။ 

ပါတီနှစ်ခုပူးပေါင်းနိုင်ရေးအတွက် တစ်ပါတီလျှင်ငါးဦးပါဝင်သည့် ကော်မတီနှင့် ကြားနေစေ့စပ် ညှိနှိုင်းပေးမည့်သူအဖြစ် ပါတီနှစ်ခုက ယုံကြည်ရသူ ငါးဦးစီပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ 

ရှမ်းနီနှစ်ပါတီပူးပေါင်းရေးဆွေးနွေးမှု ပထမဆုံးအကြိမ်ကို မန္တလေးမြို့တွင် ပြုလုပ်မည်ဖြစ်သည်။ 

၂၀၁၉ခုနှစ် ဩဂုတ်လတွင် ရှမ်းနီနှစ်ပါတီပူးပေါင်းနိုင်ရေးအတွက်  ရှမ်းနီသံဃာတော်များ   ၏ စေ့စပ်ညှိနှိုင်းမှုများဖြင့် ဆွေးနွေးခဲ့ကြသော်လည်း မူအားဖြင့်သဘောတူညီမှုသာ ရရှိခဲ့ပြီးနောက် ပူးပေါင်းရေးလုပ်ငန်းစဉ်များ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။ 

ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ က ၎င်းတို့၏ ဗဟိုကော်မတီအစည်းအဝေးတွင် ပါတီပူးပေါင်းရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီး လာရောက်ဆွေးနွေးနိုင်ရန် လမ်းဖွင့်ထားကြောင်း ထိုကော် မတီဥက္ကဌ ဦးလှသိန်းကပြောဆိုထားသည်။ 

ရှမ်းနီ(တိုင်းလျှန်)အမျိုးသားများသွေးစည်းညီညွတ်ရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပါတီနှစ်ခုပူးပေါင်းရေးကို ဆက်လက်ဆွေးနွေးသွားရမည်ဟု ၎င်းပါတီမှ အထွေထွေအတွင်းရေးမှူးဦး စောဝင်းထွန်းကပြောကြားသည်။ 

ရှမ်းနီပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက မဲဆန္ဒနယ်တစ်ခုတည်းတွင် ရှမ်းနီနှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို မလိုလားကြောင်း ပြောဆိုထားကြသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *