ရှမ်းနီအဆိုတော် စိုင်းဝေယံအောင်ကို စစ်ကောင်စီတပ်များဖမ်းဆီး

ရှမ်းနီမြေမှာရှမ်းနီနိုင်ရမည် သီချင်း MTV ထဲမှစိုင်းဝေယံအောင်ကိုတွေ့ရစဉ်

အောက်တိုဘာ ၃ ၊ ဟုမ္မလင်း 

ရှမ်းနီအဆိုတော် စိုင်းဝေယံအောင်ကို စစ်ကောင်စီတပ်များက အောက်တိုဘာလ ၁ ရက်နေ့က ဖမ်းဆီးသွားကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံမှသိရသည်။​

“ ဖမ်းဆီးသွားတာတော့ သေချာတယ်။​ ဘာကိစ္စနဲ့ဖမ်းသွားတာလည်းတော့ သေချာမပြောတတ်ဘူး ၊ ရွာမှာလို့ပြောတယ် ဖမ်းခံရတာက” ဟု ၎င်း၏ သူငယ်ချင်းတစ်ဦးက ဆိုသည်။ 

ဟုမ္မလင်းဒေသတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ၎င်းနှင့်အတူ ကိုဖြိုးသက်တင် ၊ ကိုစွမ်းထက် တို့ကို နေအိမ်တွင် စစ်ကောင်စီတပ်များက စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားကြသည်။ 

စိုင်းဝေယံအောင်သည် စက်တင်ဘာလ (၁) ရက်နေ့က စစ်ကောင်စီက ခန့်အပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးကိုလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးသည်။ 

“ ရှမ်းနီမြေမှာ ရှမ်းနီနိုင်ရမည်” သီချင်းဖြင့် စိုင်းဝေယံအောင်ကို လူသိများခဲ့သည်။​

ယခုရက်ပိုင်းတွင်လည်း  ရှမ်းနီတေးသီချင်းများသီဆိုရန် ရှမ်းနီအမျိုးသမီးများကို ဖိတ်ခေါ်ထားသည့် စာကို ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားခဲ့သည်။ 

ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ သံဃာတော်များအပါအဝင် (၁၂) ဦးထိ ရှိနေပြီဖြစ်ကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *