စစ်ကောင်စီဘက်မှ နှစ်ဦးကျ
ဩဂုတ် ၆ ၊ ဟုမ္မလင်း
ရှမ်းနီအမျိုးသားတပ်မတော် SNA သည် ၎င်း၏နယ်မြေများအတွင်း Covid19 ကာကွယ်တားဆီးရေးလုပ်ငန်းများလုပ်ဆောင်နေစဉ် တပ်ကအရပ်ဝတ်ဖြင့် ဝင်ရောက်လာမှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
“မနေ့က (ဩဂုတ် ၅) မှာဖြစ်တာ တပ်မဟာ ၉၇၂ က ကိုဗစ်တားဆီးရေးလုပ်တယ် အဲ့ဒီနားကဒေသခံရွာတွေကို လူအဝင်အထွက်တွေကို လိုက်လံစစ်ဆေးတဲ့အချိန်မှာ တပ်ကနေဝင်ချလာတာ ဝင်လာတယ်ဆိုတာ အရပ်ဝတ်နဲ့ဝင်လာတာ လေးယောက် ငါးယောက်လောက် အနောက်မှာတော့ စစ်ကြောင်းပါလာတယ် အရပ်ဝတ်နဲ့ သူတို့ဆိုင်ကယ်နဲ့ အရင်ဝင်လာတယ် စစ်ဆေးကြတာမခံတော့ တပ်ကမှန်းသိတော့ လိုက်ပစ်တာ လိုက်ပစ်တော့ သူတို့ဘက်က နှစ်ယောက်ကျသွားတာပေါ့။” ဟု SNA မှ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။
ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာအုပ်စု ကွေ့ပေရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် တစ်ဦးက ဒဏ်ရာဖြင့် ထွက်ပြေးပြီး နန့်တောကျေးရွာအနီးတွင်သေဆုံးခဲ့သည်။
တစ်ဦးကို SNA က ဒဏ်ရာဖြင့် ဖမ်းဆီးရခဲ့မိပြီး စခန်းသို့ ခေါ်ဆောင်လာစဉ် လမ်းတစ်ဝက်တွင် ထိုဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုထိတွေ့မှုဖြစ်ပွားပြီးနောက်ပိုင်း ၎င်းနယ်မြေများအတွင်း စစ်ကောင်စီတပ်များက အင်အားပြန်လည်ဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။
“ မနေ့ညနေကနဲ့ ဒီနေ့ ပြန်ပြီးတော့တက်လာကြတယ် သူတို့တွေရဲ့ စစ်ကြောင်းတွေတော့ ။ ထိတွေ့မှုတော့မရှိသေးပါဘူး။ အဓိကတော့ ကိုဗစ်ကာလည်းဖြစ်နေတဲ့အခြေအနေရယ်။ ဒေသခံတွေရဲ့ အခြေအနေရယ် အရမ်းကြီး ရှုပ်ရှုက်ခတ်မှာစိုးလို့ရှောင်ထားတဲ့အပိုင်းလည်းရှိတယ်။” ဟု ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ဆိုသည်။
စစ်ကောင်စီတပ်များသည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေမျှောများထံ အရပ်ဝတ်များဖြင့် ငွေလက်ခံကောက်ခံမှုများရှိသောကြောင့် လွန်ခဲ့သည့် ဇူလိုင်လက SNA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် SNA တို့ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိခဲ့သည်။