“ တကယ်တမ်းတော့ SNA နဲ့ပြည်သူ့စစ်နဲ့ကသူတို့တွေခွဲခြားသိဖို့လိုတယ်။ SNA ဆိုတာရှမ်းနီအမျိုးသားများအတွက်ဖွဲ့စည်းထားတဲ့ရှမ်းနီအမျိုးသားများတပ်မတော်ဖြစ်တယ်။”
မဇ္ဇျိမသတင်းဌာနကရေးသားထားသည့်ဆောင်းပါးတွင်ပါရှိသည့် ရှမ်းနီပြည်သူ့စစ် SNA သွားတက်ရောခဲ့သည်ဆိုသည့်အကြောင်းအရာကိုရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ပြောရေးဆိုခွင့်ရှိသူဆေစိုင်းထွန်းနှင့်ရှမ်းနီအသံတို့ဆက်သွယ်မေးမြန်းထားမှုများကိုဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
မေး။ ။မနေ့ကမဇ္ဇျိမသတင်းဌာနကရေးထားတဲ့ဆောင်းပါးထဲမှာရှမ်းနီပြည်သူ့စစ် SNA ဆိုပြီးတော့ရေးထားတယ်။ စစ်ကောင်စီနဲ့တွေ့ဆုံတယ်လို့ရေးထားတယ်။
ဖြေ။ ။ သူတို့ရေးတာကမှားနေတယ် SNA ပြည်သူ့စစ်ဆိုပြီးတော့ ရေးထားတာ။ အဲ့မှာသွားရောက်တွေ့ဆုံတဲ့ထဲမှာ အဲ့ဘက်ကပြည်သူ့စစ်တွေလည်းပါတာမဟုတ်ဘူး ။ သူတို့ပြောနေတဲ့ ရှမ်းနီပြည်သူ့စစ်ဆိုတာလည်း သွားတာမဟုတ်ဘူး ။ အဲ့တာကို SNA နဲ့သွားပြီးတော့မှ တွဲရေးထားတာ အဲ့တာလုံးဝမဖြစ်သင့်ဘူး ။
မေး။ ။သူတို့ဘာကြောင့်ဒီလိုရေးသားလဲဆိုတာဘယ်လိုသဘောထားရှိလဲ
ဖြေ။ ။အဲ့တာကတော့ ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့မြင်တယ်။ အဲ့တာမဇ္ဇျိမသတင်းဌာနကိုလည်းပြန်ပြောဖို့လုပ်နေတယ်။ သတင်းတွေကအမှားဆိုတော့ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ပုံပဲ ။
မေး။ ။ ကချင်ပြည်နယ်မှာရှမ်းနီပြည်သူ့စစ်ဆိုပြီးတော့ရှိတယ်လို့သိရလား။ဘယ်လိုပုံစံတွေလဲ။
ဖြေ။ ။ သူတို့က ရှမ်းနီအမည်တပ်ထားတာလည်းမဟုတ်ဘူးပြောမယ်ဆိုရင် ဒေသန္တရပြည်သူ့စစ်ဆိုပြီးတော့ဖွဲ့ထားတာ ။ ရှမ်းနီပြည်သူ့စစ်ဆိုပြီးတော့လည်းမခေါ်ပါဘူး ။ ဒေသန္တရပြည်သူ့စစ်ဆိုပြီးတော့ပဲခေါ်တာ။
မေး။ ။ SNA ကို ပြည်သူ့စစ်နဲ့ရောပြီးတော့ပြောနေကြတယ်။ဒီကိစ္စကရော
ဖြေ။ ။ တကယ်တမ်းတော့ SNA နဲ့ ပြည်သူ့စစ်နဲ့က သူတို့တွေခွဲခြားသိဖို့လိုတယ်။ SNA ဆိုတာ ရှမ်းနီအမျိုးသားများအတွက် ဖွဲ့စည်းထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်ဖြစ်တယ်။ အဲ့တာကို ပြည်သူ့စစ်နဲ့သွားတွဲပြီး မြင်နေကြတာတော့ မကောင်းဘူးထင်တယ်။
မေး။ ။အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီက SNA ကိုဆက်သွယ်လာတာရှိလား။သူတို့အပေါ်ကောဘယ်လိုသဘောထားရှိလဲ။
ဖြေ။ ။ စစ်ကောင်စီက ဆက်သွယ်လာတာမျိုးမရှိဘူး ။ သူတို့ပေါ်သဘောထားကတော့ ပြည်သူလူထုတွေဆုံးဖြတ်တဲ့အပေါ်ပဲ ပြည်သူလူထုကဆုံးဖြတ်လိမ့်မယ်လေ။ SNA ကတော့ သီးခြားမှတ်ချက်ပေးချင်တာမရှိသေးဘူ။
မေး။ ။အမျိုးသားညီညွတ်ရေးအစိုးရ NUG က Dday ခေါ်ပြီးနောက်ပိုင်းမှာ SNA ကိုချဉ်းကပ်တာမျိုးရှိလား။
ဖြေ။ ။ NUG ဘက်က တရားဝင်ကမ်းလှမ်းတာမျိုးမရှိဘူး ။ တရားဝင် SNA နဲ့ပူးပေါင်းပြီးတိုက်ခိုက်ကြဖို့ ၊လက်တွဲဖို့ ကမ်းလှမ်းတာမျိုးမရှိဘူး ။ SNA ထိန်းချုပ်ထားတဲ့နယ်တွေမှာ PDF. တွေတော့မရှိသေးဘူး လောလောဆယ်။
ဟုတ်ကဲ့အခုလိုဖြေကြားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။
SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။ရှမ်းနီအမျိုးသားတပ်မတော်(SNA)သည် ရှမ်းနီပြည်နယ်ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖော်ထွန်းရေး၊ ရှမ်းမျိုးနွယ်စုများ အားလုံး စည်းလုံး ညီညွတ်မှု ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် မူ (၅) ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။