

ဒီစာ က ရှမ်းနီအရေး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်၊ အစုအဖွဲ့တွေရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ကနေ တဆင့် ဘုံအကျိုးစီးပွားကို ရှာဖွေနိုင်ကြဖို့ အဓိက ဆွေးနွေးလိုတာဖြစ်ပါတယ်။
လူမျိုးတစ်မျိုးရဲ့ အရေးကိစ္စကို လုပ်ဆောင်နေကြသူတွေဟာ အဲဒီလူမျိုးရဲ့ အကျိုးစီးပွားကို စနစ်တကျ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ကြမယ်ဆိုတာဟာ အသေအချာကိစ္စပဲလို့ နားလည်ရပါတယ်။
အဲဒီလို ဆောင်ရွက်ကြတဲ့အခါ မှာရည်ရွယ်ချက်တူပြီး လုပ်နည်း၊ လုပ်ဟန်တွေမကွဲရင် ပြောပလောက်တဲ့ အငြင်းပွားစရာတွေ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာ ပန်းတိုင် တူရင်တောင် လုပ်ဟန် နည်းနာ မတူတာတွေ ရှိကောင်းရှိနိုင်ပါတယ်။
တကယ်တမ်း အသေးစိတ်ပြောရရင် ပန်းတိုင်ရော လုပ်နည်းပါ တူနေရင်တောင် အစုအဖွဲ့တွေထဲမှာ ဘယ်ပုဂ္ဂိုလ် ဦးဆောင်တာက မှန်တယ်၊ ဘယ်သူလုပ်တာက ပိုကောင်းတယ် စသဖြင့် ဆွေးနွေးငြင်းခုံ စရာတွေ ရှိနေမှာက သဘာဝဖြစ်ပါတယ်။
ဆိုတော့ ရည်ရွယ်ချက်တူ လုပ်နည်းလုပ်ဟန်ကွဲ၊ ပန်းတိုင်မတူ နည်းလမ်းပါ ခြားနားနေရင်တော့ ပြောဖွယ်ရာမရှိပါ။
ဒါကြောင့် ရှမ်းနီအရေးဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်၊ အစုအဖွဲ့တွေဟာ အမြင်ကျယ်စွာနဲ့ ဘုံရည်မှန်းချက်ပန်းတိုင် ကို ဆွေးနွေးအဖြေရှာပြီး ညီညွှတ်စွာ လုပ်ဆောင်ကြမှသာ အမျိုးသားထုတရပ်လုံးရဲ့ ကောင်းမွန်တဲ့ ဘုံအကျိုးစီးပွားကို ရရှိနိုင်ကြမှာပါ။ ဒါဟာ ရှမ်းနီ အမျိုးသားတွေမှမဟုတ် အဖိနှိပ်ခံနေရတဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေ အပါအဝင် မြန်မာတပြည် လုံးက တိုင်းရင်းသားလုထုတစ်ရပ်လုံးနဲ့ နိုင်ငံသားပြည်သူတွေဟာ တရားနည်းလမ်းကျစွာနဲ့ လူမျိုး၊ ဒေသ နဲ့ နိုင်ငံရဲ့ ဘုံအကျိုးစီးပွားအတွက် တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ အဆင့်အလိုက် ဆွေးနွေးကြရမှာပဲဖြစ်ပါတယ်။
ရှမ်းနီတိုင်းရင်းသားလူမျိုး တွေထဲမှာလည်း ရှမ်းနီအရေးအတွက်ဆိုပြီး လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေဟာ တစ်ဦးတစ်ယောက်၊ တစ်စု တစ်ဖွဲ့ထက်မက ရှိနေကြတဲ့အခါမှာ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ဘုံအကျိုးစီးပွားဆိုတာ ဆွေးနွေးရမဲ့ ခေါင်းစဉ်ဖြစ်လာတာပါ။
ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကစလို့ နိုင်ငံရေးနဲ့ စာပေယဉ်ကျေးမှု အပါအဝင်အမျိုးသားဝိသေသဆိုင်ရာ ကဏ္ဍမှာ ရှမ်းနီလူမျိုး တွေဟာနည်းလမ်းမျိုးစုံနဲ့ အဖိနှိပ်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီလို ဖိနှိပ်ခံခဲ့ရတာတွေကို တိုးတက်ပြီး ခေတ်အမြင်ရှိတဲ့ ရှမ်းနီအမျိုးသားတွေက ခေတ်အဆက်ဆက်မှာ ရတဲ့ အခြေအနေတွေထဲကနေ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာပါ။
မိမိတို့ လူမျိုး၊ မိမိတို့အမျိုးသား ထုအတွက် ကိုယ်ကျိုးမဖက်ဘဲ ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ ခေတ်အဆက်ဆက်က ရှမ်းနီသူရဲကောင်း တွေကို သမိုင်းမှတ်တမ်းထဲမှာ အခိုင်အမာ ကမ္ဗည်း တင်ထားပြီးသားပဲဖြစ်ပါတယ်။
ဗဟိုဦးစီး ပုံစံလို့ပဲပြောပြော၊ တပြည်ထောင်စနစ်လို့ပဲဆိုဆို အဂတိတရားတွေထွန်းကား၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး ဆိုင်ရာ ယန္တရားတွေကြားမှာ ရှမ်းနီလူမျိုးတွေအပါအဝင် လူနည်းစု တိုင်းရင်းသားတွေရဲ့ အရေးနဲ့ပတ်သက်တဲ့ တောင်းဆိုမှုတွေဟာ ထင်သလောက်ခရီးမပေါက်ခဲ့တဲ့ အခြေအနေလို့ ပြောရမှာပါ။
အဲဒီလို အနေအထားတွေကနေ ၂၀၁၀ မှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး တစ်စိတ်တပိုင်း စတင်ပြောင်းလဲလာတယ်လို့ ဆိုနိုင်စရာရှိပါတယ်။
ဒီလို၂၀၁၀ နောက်ပိုင်းကစလို့ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရေး ဖြစ်စဉ်ထဲမှာ အခြား လူနည်းစု တိုင်းရင်းသားတွေနည်းတူ ရှမ်းနီလူမျိုးဟာလည်း နိုင်ငံရေးပါတီ၊ သတင်းမီဒီယာ၊ လူမှုအဖွဲ့အစည်း စတဲ့ အသင်းအပင်း တွေတည်ထောင်ပြီး ရှမ်းနီအမျိုးသား တိုးတက်ရေးအတွက် ပြန်လည်လှုပ်ရှားဆောင်ရွက်လာကြတာဟာ အခုအခါမှာ အထိုက်အလျောက် ရှင်သန်ရပ်တည်နေကြပြီဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ရှမ်းနီအမျိုးသားအရေး ကို စာပေယဉ်ကျေးမှု၊ အရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာ၊ နိုင်ငံရေးပါတီ၊ လက်နက် ကိုင် တော်လှန်ရေးအဖွဲ့ စတဲ့ အစုအဖွဲ့တွေက လှုပ်ရှားဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်။ ကိုယ့်လူမျိုးအရေးအတွက် အမည်မဖော်ဘဲနဲ့ လှုပ်ရှား နေကြတဲ့ တစ်သီးပုဂ္ဂလတွေနဲ့ အဖွဲ့အစည်းတွေလည်းရှိနေမှာပါ။
ဒီလို စုဖွဲ့မှုပုံစံမျိုးတွေကို ရှမ်းနီတိုင်းရင်းသား တွေမှမဟုတ်အခြားတိုင်းရင်းသားတွေကလည်း လှုပ်ရှားနေကြတာက မလွဲဧကန်ပဲ ဖြစ်တယ်။
ရှမ်းနီအရေးလုပ်ကိုင်နေကြသူတွေကို ကြည့်မယ်ဆိုရင် အစုအဖွဲ့အသီးသီးဟာ ကိုယ့်မူ ကိုယ့်ဟန်အတိုင်းဆောင်ရွက်နေကြတာပါ။
အဲဒီအထဲမှာ နိုင်ငံရေး တစ်စိတ်တပိုင်းပြုပြင်ပြောင်းလဲလာတဲ့ ဒုတိယသက်တမ်းကာလ ၂၀၁၆ မှာ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ခေါ် ကျားနီပါတီဟာ ၂၁ ရာစု ပင်လုံညီလာခံမှာ ရှမ်းနီ ပြည်နယ်ရရှိရေး၊ ရှမ်းနီလူမျိုးအမည်မှန်ပေါ်ပေါက်ရေးအပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြောင်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ရှမ်းနီပါတီ (ကျားနီပါတီ) TNDP – Tai Leng Nationalities Development Party ရဲ့ အဲဒီလိုတောင်းဆိုမှုဟာ မြန်မာနိုင်ငံရဲ့ တရားဝင်ရွေးကောက်ခံ အစိုးရအပါအဝင် အစုအဖွဲ့ပေါင်းစုံ က တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်တွေသာမက ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်တွေရဲ့ ရှေ့မှောက်မှာ တိုင်းသိပြည်သိ၊ ကမ္ဘာသိ သက်သေတည်ခဲ့တာပဲဖြစ်တယ်။
အဲဒီ ညီလာခံမှာ တစ်ခြားတိုင်းရင်းသားကိုယ်စားလှယ်တွေကလည်း မိမိတို့ အမျိုးသားတွေရဲ့ လိုလားချက်တွေကို တရားဝင်တင်ပြတောင်းဆိုခဲ့ကြပါတယ်။
ရှမ်းနီ TNDP ပါတီရဲ့ အဲဒီတောင်းဆိုမှုရဲ့ နောက်ဆက်တွဲအဖြစ် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီးစတဲ့ နယ်တွေက ရှမ်းနီ နဲ့ ရှမ်းမျိုးနွယ်တွေဟာ နှိုးကြားလာကြပြီး မိုးညှင်း နဲ့ ဟုမ္မလင်း မြို့တွေမှာ ရှမ်းနီပြည်နယ်ရရှိရေးကို သောင်းနဲ့ချီတဲ့ လူထုက ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ချီတက်တောင်းဆိုခဲ့ကြပါတယ်။
ရှမ်းနီလူထုရဲ့ အဲဒီလိုတောင်းဆိုမှု တွေမှာ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရှမ်းနီလူငယ်အဖွဲ့တွေ နဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေကလည်းတိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့တစ်ဖုံ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။
တခါ ရှမ်းနီတော်လှန်ရေးအဖွဲ့အစည်းဘက်ကိုကြည့်မယ်ဆိုရင်ရှမ်းနီအမျိုးသားများတပ်မတော် SNA – ShanNi Nationalities Army ဟာလည်း မြန်မာနိုင်ငံက တစ်ခြားလူနည်းစု တိုင်းရင်းသားတွေလိုပဲ မိမိတို့ရဲ့ အမျိုးသား တန်းတူ ညီမျှရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်တိုက်ပွဲဝင်နေတာလို့ ထုတ်ဖော်ထားပါတယ်။ မြန်မာပြည်မြောက်ပိုင်းက ခန္တီးရှမ်း၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းမောဝ် နဲ့ တိုင်းနိုင်း တိုင်းလိုင် တိုင်းလျမ် ခေါ် ရှမ်းနီ လူမျိုးတွေကို ကိုယ်စားပြုပြီ တော်လှန်နေတာလို့ လူထုကို အသိပေးထားပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA က ရှမ်းနီပြည်နယ်ရရှိရေး ၊ ရှမ်းမျိုးနွယ်များစည်းလုံးညီညွှတ်ရေး စတဲ့ အချက် ၅ ချက်ကို အခြေခံမူအဖြစ်ဖော်ပြထားပါတယ်။
ရှမ်းနီဒေသ မြန်မာပြည်မြောက်ပိုင်းနဲ့ အထက်ချင်းတွင်း၊ ဥရုဒေသ၊ အင်းတော်ကြီးနယ်၊ မီးရထားသံလမ်းရိုး၊ ဧရာဝတီမြစ်ရိုး၊ တာပိန်-မိုးလဲဒေသတွေကို အခြေခံနယ်မြေအဖြစ်ရည်မှန်းထားတဲ့ SNA ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးစ နဲ့ မသိမ်းခင်ကာလတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော်ရဲ့ ပင်မအခြေခံနယ်မြေဟာ နယ်စပ်ထွက်ပေါက်အနေနဲ့ အကန့်အသတ်တွေရှိနေတာကလည်း စစ်ရေးလှုပ်ရှားမှု တွေကို စိတ်တိုင်းကျ မဖော်ဆောင်နိုင်တဲ့ အနေအထားလို့ ဆိုနိုင်စရာရှိပါတယ်။
ဒါ ကြောင့် အခုနောက်ပိုင်းမှာ SNA ဟာ ပထဝီနယ်မြေ စိန်ခေါ်ချက်အပါအဝင် အခြေအနေ အမျိုးမျိုးကြောင့် စစ်အုပ်စုနဲ့ ထိပ်တိုက်တိုက်ပွဲတွေ မဖြစ်တော့တာကိုတွေ့ရပါတယ်။
အားလုံးသိကြတဲ့အတိုင်း ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှာ အရင်ဆုံး အနေနဲ့ အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း လူထုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာပြည်အနှံ့က လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာပါ။ အဲဒီအထဲမှာ အထက်ချင်းတွင်း ဒေသ ခန္တီး၊ ဟုမ္မလင်း နယ်တွေအပါအဝင် ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ မော်ဟန်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ နမ္မား၊ ဟိုပင်၊ နမ့်ရင်း၊အင်းတော်ကြီး၊ ဟောင်ပါး၊ တာမခန်၊ ဖားကန့်၊ ဆိပ်မူ ( ဆိုင်းတောင် )၊ လုံးခင်းစတဲ့ ဒေသတွေက ရှမ်းနီလူငယ် တွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လူငယ်တော်လှန်ရေးသမားတွေအဖြစ် အများအပြား ပါဝင်ခဲ့ကြပါတယ်။
အဲဒီလို တော်လှန်ရေးသမား PDF လူငယ်တွေအဖြစ် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှမ်းနီလူငယ် အမြောက်အများဟာ ကျဆုံးတာ၊ ထိခိုက် ဒါဏ်ရာရတာတွေနဲ့ ကြုံတွေ့နေရပြီး၊ ကြုံတွေ့ နေရဆဲလည်းပဲဖြစ်ပါတယ်။
ရှမ်းနီလူငယ် PDF တော်လှန်ရေး သမားတွေဟာ ခေတ်မီတိုးတက်တဲ့ အမြင်တွေရှိတာနဲ့အမျှ ရှမ်းနီအရေးကို အဓိကဦးတည်ပြီးလှုပ်ရှား ဆောင်ရွက် နေကြတဲ့ ပုဂ္ဂိုလ်၊ အစုအဖွဲ့တွေလို ရှမ်းနီအရေးကို ကျယ် လောင်စွာ မပြောရင်သာရှိမယ် ကိုယ့်လူမျိုးဝိသေသအမှတ်သရုပ် Identity ဟာ ရှမ်းနီ အမျိုးသား ဖြစ်တယ်ဆိုတာကို ကောင်းစွာ သိရှိပြီးသား ဖြစ်ပါတယ်။
လူမျိုး နဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တွေရဲ့ သဘောသဘာဝကိုလည်း ကျေလည်စွာ ရှင်းလင်းပြီးသား လို့ နားလည်ရပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးတိုင်းမှာ နိုင်ငံရေး တိမ်းညွှတ်မှုတွေ မျိုးစုံရှိနေနိုင်သလို ရှမ်းနီလူမျိုးတွေမှာလည်း နိုင်ငံရေးခံယူချက်က အမျိုးမျိုးရှိနေမှာပဲဖြစ်တယ်။
လူမျိုးတူပြီး နိုင်ငံရေး အသွေးအရောင် မတူကြပေမယ့် အစုအဖွဲ့အသီးသီးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေပြီး အမျိုးသားထုတစ်ရပ်လုံးတိုးတက်ရေးအတွက် အမြင်ကျယ်စွာ နဲ့ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်လို့ တစ်ဖုံညှိနှိုင်း ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ရှမ်းနီအရေး ကို လှုပ်ရှားနေကြတဲ့ ပုဂ္ဂိုလ်နဲ့ အစုအဖွဲ့တွေဟာ ဘုံရည်မှန်းချက်ပန်းတိုင်ကို ဆွေးနွေးသဘောတူပြီးရင် အဲဒီ ပန်းတိုင်ကိုရောက်ဖို့ ဘယ်လိုပုံစံနဲ့ချီတက်လုပ်ဆောင်ကြရမယ်ဆိုတာကိုပါ တဆက်တည်း အကျေအလည် တိုင်ပင်ကြရမှာပါ။
နောက်ပြီး ရှမ်းနီအမျိုးသားထုတစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်သာမက ရှမ်းမျိုးနွယ်အားလုံးရဲ့ ဘုံရည်မှန်းချက်နဲ့ အကျိုးစီးပွားအတွက်ကိုပါ အမြင်ကျယ်စွာနဲ့ တိုင်ပင်နှီးနှောကြရမှာလည်း ဖြစ်ပါတယ်။
မိမိတို့ရှမ်းနီအမျိုးသားတွေ တိုးတက်ခိုင်မာရေးကနေတဆင့် ရှမ်းမျိုးနွယ်တွေအားလုံးနဲ့ အတူနေတိုင်းရင်းသားပြည်သူတွေအပါအဝင် နိုင်ငံ့အကျိုးအတွက်ပါ အရှည်မျှော်ပြီး တိုင်ပင်ညှိနှိုင်းကြရမှာပါ။
တိုင်းရင်းသားလူမျိုးပေါင်း စုံလှတဲ့ မြန်မာ့စစ်ရေး နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ကောလဟာလ နဲ့ ဝါဒ ဖြန့်ချိရေး က လည်း ဘက်ပေါင်းစုံမှာ ရှိနေတာပါ။ အဲဒီလို အခြေအနေတွေကို မှန်ကန်စွာ ဆင်ခြင်သုံးသပ် သတိပြုနိုင်ကြဖို့လည်း အရေးကြီးလှပါတယ်။
အကင်းပါးတဲ့ တစ်ချို့တိုင်းရင်းသားလူမျိုးအဖွဲ့အစည်းတွေဟာ တော်လှန်ရေးအင်အားစု၊ စစ်ကောင်စီရဲ့ ယန္တရား နဲ့ အစုအဖွဲ့ပေါင်းစုံမှာ ပါဝင်နေရာယူထားကြပြီး သူတို့လူမျိုးအကျိုးစီးပွားအတွက် ဟန်ချက်ညီစွာ နဲ့ စည်းဝါးကိုက် လှုပ်ရှားနေကြတာကိုလည်း အခုအခါမှာသဘောပေါက်နေကြပြီလို့ ယူဆမိပါတယ်။
ဒါကြောင့် ဘက်အသီးသီးမှာ ရပ်တည်လှုပ်ရှားနေကြတဲ့ ရှမ်းနီလူမျိုးတွေသာမက လူများစုဗမာတိုင်းရင်းသားတွေ နဲ့ လူနည်းစု တိုင်းရင်းသားတွေအားလုံးအပါအဝင် နိုင်ငံသား ပြည်သူတရပ်လုံးဟာ မိမိတို့လူမျိုးအကျိုး၊ ဒေသ နဲ့ တိုင်းပြည် အကျိုးအတွက် တရားနည်းလမ်းကျတဲ့ဘုံရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ဆောင်ရွက် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ဆေမောဝ်းခမ်း
ဆေမောဝ်းခမ်း သည် ရှမ်းနီလူငယ်တစ်ဦးဖြစ်ပြီး ၊ ဒေသတွင်းနှင့် ရှမ်းနီအရေးများကို လေ့လာနေသည့် စာရေးဆရာတစ်ဦးဖြစ်သည်။