

နိုဝင်ဘာ ၂၈ ၊ မိုးညှင်း
ရှမ်းနှစ်သစ်ကူးနေ့မှာ ဖားကန့်မြို့နယ်နဲ့ ကာမိုင်းမြို့နယ်က ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်လူငယ်များ လုပ်ကြံပစ်သတ်ခံရမှုသည် ဌာနေတိုင်းရင်းသားအခွင့်အရေးကို ချိုးဖောက်မှုဖြစ်တယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး SNUA က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီလူငယ်အဖွဲ့ဝင် ကိုရှိုင်းမင်းအောင်နှင့် ကာမိုင်းမြို့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးဟောင်း ကိုစိုင်းဇော်လတ်တို့နှစ်ဦးသည် ရှမ်းနှစ်သစ်ကူးကာလမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီလိုလုပ်ကြံသတ်ဖြတ်မှုတွေဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာ ကြေညာစာတမ်းအပေါ် ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သလို လူသားချင်းစာနာထောက်ထားမှုဥပဒေအပေါ် လိုက်နာဖို့ ပျက်ကွက်မှုလည်းဖြစ်တယ်လို့ဆိုပါတယ်။
ဒီလုပ်ရပ်တွေအပေါ် SNUA အနေနဲ့ အပြင်းအထန်ကန့်ကွက်ရှုံချသလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း မှတ်တမ်းရယူစုဆောင်းထားတယ်လို့ ပြောဆိုထုတ်ပြန်ထားပါတယ်။
သူတို့နှစ်ဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေရဲ့ လက်ချက်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုလာခြင်းမရှိသေးပါဘူး။
ကချင်ပြည်နယ်အတွင်းက ခေတ်အဆက်ဆက် စစ်တပ်နဲ့ KIA. တို့ရဲ့ တိုက်ပွဲတွေကြောင့် ရှမ်းနီ ၊ ရှမ်းတိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုဓလေ့ ပျက်စီးတာ၊ စာပေယဉ်ကျေးမှုတွေတွေ ပျက်စီးတာ နဲ့ ရွာတွေပျက်စီးတာစတဲ့ ဒုက္ခတွေကို ခံစားခဲ့ကြရတာအပြင် နိုင်ငံရေးအသုံးချခံ ဒုက္ခတွေသည ကျရောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုထားပါတယ်။