လာမယ့် ဒီဇင်ဘာ (၄)ရက်နေ့မှာ ကျရောက်မယ့် ရှမ်းနှစ်သစ် ၂၁၁၆ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထိန်းသိမ်းမှုတွေနဲ့အတူ ပွဲတော်ကို အကျဉ်းချုံ့တာ ကျင်းပဖို့အတွက် ရှမ်းနီအမျိုးသားညီညွတ်ရေးအစည်းအရုံးက ဒီနေ့မှာ ပန်ကြားလိုက်ပါတယ်။
မြန်မာပြည်တလွှားမှာ ကိုဗစ်ကပ်ရောဂါပျံ့နှံ့လျက်ရှိနေပြီး ကျန်းမာရေးအသိနဲ့ ဆက်လက်နေထိုင်ရမယ့် ကာလဖြစ်သလို စစ်အာဏာသိမ်းမှုကြောင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ၊ ဖမ်းဆီးမှုတွေအပြင် အသက်ဆုံးရှုံးနေမှုများက ဝမ်းနည်းစရာ အခြေအနေနဲ့ ကြုံတွေ့နေရ တယ်လို့ဆိုပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့် ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကားမပြုလုပ်ဖို့နဲ့ ရိုးရာဓလေ့အစဉ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းဖြစ်တဲ့ ရတနာသုံးပါးကန်တော့ပူဇော်ခြင်း ၊ ဘိုးဘွားဆိုင်ရာနတ်တွေ ပူဇော်ခြင်းကို မိသားစုအတွင်းသာ ပြုလုပ်ပြီး လာမယ့် နှစ်သစ်ကို ကြိုဆိုကြဖို့ မေတ္တာရပ်ခံခဲ့တာလည်းဖြစ်ပါတယ်။
ရှမ်းနီဒေသတွေဖြစ်တဲ့ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်းမြို့တွေမှာလည်း အင်တာနက်ဖြတ်တောက်ခံထားရသလို တိုက်ပွဲတွေကလည်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ရှမ်းနီဒေသတွေက ကျေးရွာအလိုက်နဲ့ ဘုန်းတော်ကြီးကျောင်းအလိုက် အကျဉ်းချုံ့ပြီး နှစ်သစ်ကောက်ဦးဆွမ်းကပ်လှူပွဲကို ကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေတာတွေလည်းရှိနေပါတယ်။