ဇူလိုင် ၂၉ ၊ လွိုင်တိုင်းလျန်း
တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးတဲ့ ရှမ်းပြည်တောင်ပိုင်းကို ဒေသတွင်းပိုမိုတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူများဆုံးရူံးနစ်နာမှုတွေမဖြစ်လာစေဖို့အတွက် ကာကွယ်စောင့်ရှောက်သွားမယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပြောဆိုလာပါတယ်။
ဇူလိုင်လ(၂၆)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ လွယ်တိုင်းလျန်းဗဟိုဌာနချုပ်မှာ RCSS/SSA အဖွဲ့ဝင်များ ပြုလုပ်ကျင်းပခဲ့ကြတဲ့ (၆)လပတ်အစည်းအဝေးပြီးနောက် ဒီနေ့ဇူလိုင်လ(၂၉)ရက်နေ့မှာ ထုတ်ပြန်ချက်ဖြင့် ယခုလိုထည့်သွင်းပြောဆိုထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ရှမ်းပြည်မြောက်ပိုင်းအတွင်း ဖော်ဆောင်နေတဲ့တိုက်ပွဲတွေကြောင့် ရှမ်းပြည်သူလူထုတွေဟာ အသက်အိုးအိမ်ပစ္စည်းဥစ္စာများ ဆုံးရူံးမှု၊ ထိခိုက်မှုနဲ့ နေရပ်စွန့်ခွာ စစ်ပြေးရှောင်နေရခြင်းများအပေါ် လည်း ၎င်းတို့အဖွဲ့အစည်းက များစွာစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုထားပါတယ်။
လက်ရှိရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံသိန်းနှင့်ချီဟာ ရှမ်းပြည်တောင်းပိုင်း ၊ မန္တလေးတိုင်းဒေသကြီးများ ဘက်ကို စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပါတယ်။
မြန်မာတစ်နိုင်ငံလုံးက တိုက်ပွဲဖော်ဆောင်နေတဲ့ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဆိုးရွားပျက်စီးလာတဲ့ ပြည်တွင်းအခြေအနေများကြောင့် အပစ်အခတ်ရပ်စဲရေးကိစ္စ ဆောင်ရွက်ဖို့ကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသင့်နေပြီလို့လည်း RCSS/SSA က ကြေညာချက်ထုတ်ပြန်ထားပါတယ်။