ရှမ်းပြည်အတွင်းရှိ  လူမျိုးစုလက်နက်ကိုင်တပ်တပ်ဖွဲ့များနှင့်နိုင်ငံရေးပါတီများမှ ဒေသခံပြည်သူများနှင့်မြစ်များကိုကာကွယ်ပေးဖို့ရှမ်းအရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

ဧပြီ ၂၅ ၊ သီပေါ 

ရှမ်းပြည်အတွင်းရှိ လူမျိုးစုလက်နက်ကိုင်တပ်တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီများအနေဖြင့်  ဒေသခံပြည်သူများနှင့် ရှမ်းပြည်၏  မြစ်များကို ကာကွယ်ပေးဖို့ ဧပြီလ (၂၅)ရက်နေ့မှာ ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါအိတ်ဖွင့်ပေးစာကို နိုင်ငံအရပ်ရပ်မှာ ရှိတဲ့ရှမ်းအရပ်ဖက်အဖွဲ့အစည်း (၁၃)ဖွဲ့က ပူးပေါင်း ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်ရှိ ဒုဌဝတီမြစ်ပေါ်မှာ စစ်ကောင်စီက အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို လာမယ့်နှစ်ပိုင်းမှာ ပြီးစီးဖို့ တည်ဆောက်သွားဖို့လည်းရှိနေတာဖြစ်ပါတယ်။ 

  ဒုဌဝတီမြစ် (ခေါ်) နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းနှစ်ခုဟာ ရှမ်းပြည်သူများအတွက် အကျိုးမရှိသော စီမံကိန်းများသာဖြစ်တယ်လို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက ဆိုပါတယ်။ 

ရေကာတာတည်ဆောက်ခြင်းမှ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးပြမယ်ဆိုတာ စစ်ကောင်စီက ပွင့်လင်းမြင်သာစွာချပြခြင်းမရှိတာဟာ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ ပြည်နယ်တွေကို ထိလိုက်နစ်မှုတွေဖြစ်လာမှာကို စိုရိမ်တယ်လို့ အိပ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်ထဲမှာရှိတဲ့ မြစ်ချောင်း (၁၄) ခုမှာ ရေကာတာတည်ဆောက်ကာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို ရောင်းချမှာဖြစ်ပြီး ပြည်တွင်းလျှပ်စစ်ကဏ္ဍမှာလည်း အနည်းငယ်အသုံးပြုမှာဖြစ်ပါတယ်။

ရေကာတာစီမံကိန်းကြီးတွေက စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကြောင်းဖြစ်ပြီး စီမံကိန်းဒေသက ပြည်သူတွေ အိုးအိမ်စည်းစိမ် လယ်ယာမြေဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေခံနေရတယ်လို့ ရှမ်းပြည်မြစ်ချောင်းအရေးလုပ်ရှားရေးအဖွဲ့က ၂၀၂၃ ခုနှစ် မတ်လအစောပိုင်းမှာ ထုတ်ပြန် ဆိုပါတယ်။ 

ရေကာတာများစတင်တည်ဆောက်စဉ်ကပင် ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အရင်အစိုရအဆက်ဆက်ကနေ ယခုစစ်ကောင်စီအထိ ဆက်လက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဒေသခံပြည်သူတွေရဲ့ လူမှုဘဝကို ထိခိုက်ပျက်စီစေနိုင်တဲ့ အထက်ရဲရေအားလျှပ်စစ်၊ နမ္မတူရေအားလျှပ်စစ်စီမံကိန်းများကို ရပ်တန့်သွားစေဖို့ မည်သည့်နည်းနဲ့မဆိုကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *