နိုဝင်ဘာ ၈ ၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်အချိန်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် TNLA တို့ ထိတွေ့တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ SSPP ဘက်က သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာနေထိုင်တဲ့ စိုင်းမောဝ်အွန် ကို TNLA ဖမ်းဆီးသွားပြီး SSPP/SSA က ရှမ်းအရပ်သားကို ဖမ်းဆီးရခြင်းအကြောင်းရင်းသိရှိဖို့သွားရောက်မေးမြန်းရာကနေ TNLA တပ်ဘက်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ဆိုထားပါတယ်။
တိုက်ခိုက်မှုကြောင့် SSPP/SSA ရဲ့ တပ်သားတစ်ဦးသေဆုံးပြီး မြို့နယ်မှူးနှင့် တပ်သားတစ်ဦး တို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာကနေ စယ်လန့် ရွာလည်မှာ သတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲပြီးနောက် SSPP/SSA ရဲ့ တပ်သားတချို့လည်း ပျောက်ဆုံးမှုတွေရှိနေပြီး TNLA ဘက်က (၅)ဦးထက်မနည်း ရှိတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး SSPP/SSA နှင့် တို့တို့ကြားမှာ ဆက်ဆံရေးနှင့် စစ်ရေးတင်းမာမှုတွေရှိလာနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ စယ်လန့်ကျေးရွာက စိုင်းမောဝ်အွန်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ရက် TYN ရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
စိုင်းမောဝ်အွန် ပြန်လွတ်ပေးရေးအတွက် SNLD ပါတီ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ရက် TYN နှင့် ရှမ်းအရပ်ဘက်တချို့က TNLA ကို တောင်းဆိုနေကြရာ ဒီနေ့နေ့လည်ပိုင်းမှာ ပြန်လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။