ဒီဇင်ဘာ ၂၀ ၊ သီပေါ
ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နိုင်ငံမှ ဆောင်ရွက်မယ့် စီမံကိန်းတစ်ခုဖြစ်တဲ့ မူဆယ်-မန္တလေးမီးရထားလမ်းတလျှောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇၀ နီးပါးသေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ဆိုလာပါတယ်။
မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်(၈)မြို့နယ်တို့မှာ စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် နှစ်လကျော်အတွင်း အရပ်သား(၆၈)ဦးသေဆုံးခဲ့တယ်လို့ SHRF က ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဆိုလာပါတယ်။
အောက်တိုဘာလ(၉)ရက်နေ့ကနေ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အခုလိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အခုလထဲမှာ နောင်ချိုမြို့နယ်က အရပ်သား(၃၃)ဦးထိ အများဆုံးသေဆုံးခဲ့ပြီး ကျောက်မဲ(၁၀)ဦး၊မိုးကုတ်(၉)ဦး၊ သိန္နီ(၅)ဦး၊သီပေါ၊လားရိူး၊ကွတ်ခိုင်တို့မှာ (၃)ဦးစီနဲ့ နမ့်ဆန်နဲ့မိုင်းရယ်တို့မှာ (၁)ဦးစီ စုစုပေါင်း (၆၈)ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီ (၉)မြို့နယ် နဲ့ကွမ်းလုံမြို့နယ် တို့မှ ဒဏ်ရာရရှိသူ (၁၃၆)ဦးရှိခဲ့တယ်လို့ SHRF ရဲ့မှတ်တမ်းများက ဖော်ပြထားပါတယ်။
ယခုလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မြို့နယ်အများစုက တရုတ်နိုင်ငံနဲ့ အကျိုးတူပြုလုပ်မယ့် မူဆယ်-မန္တလေးမီးရထားလမ်းကြောင်းတစ်လျှောက်ရှိ မြို့နယ်တွေဖြစ်ပြီး စစ်ကောင်စီက ဒီလမ်းကြောင်းပေါ်ရှိ မြို့နယ်တွေမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
ရှမ်းပြည်မြောက်ပိုင်းက မြို့နယ် အားလုံးနီးပါးကို တိုင်းရင်းသားလက်နက်ကိုင်တပ် နဲ့ PDF ပူးပေါင်းတပ်တို့က ၂၀၂၃ ခုနှစ်စပြီး ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာလည်းဖြစ်ပါတယ်။