လကုန်မှာ သမ္မတရွေးချယ်မှုပြုလုပ်မည်

မတ် ၂၀ ၊ နေပြည်တော်

ဒီနေ့မတ်လ(၂၀)ရက်မှာ  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် (၂)ရပ်ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကို ကျင်းပနေသလို တစ်ဖက်မှာလည်း တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်ကို ခေါ်ယူကျင်းပနေကြပါတယ်။

ပြည်ထောင်စုလွှတ်တော်က သမ္မတနဲ့   ဒုတိယသမ္မတ (၂)ဦးတို့ တင်မြှောက်ဖို့ကို ရွေးချယ်ပေးရတာဖြစ်ပြီး ဒီလကုန်မှာပဲ  သမ္မတအားလုံးကို တင်မြှောက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယကအဖြစ် ဦးအောင်လင်းဒွေးက တာဝန်ယူပြီးတော့ သမ္မတ ရွေးချယ်တာတွေကို မတ်လ ၃၀ ရက်နေ့မှာ စတင်သွားမယ်လို့ ဆိုပါတယ်။ 

သမ္မတရွေးချယ်ရေးအတွက် ဆွေးနွေးမှုတွေကို အမျိုးသားလွှတ်တော် အစုအဖွဲ့ ၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့ နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့သုံးခုခွဲပြီး ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒီကန့ပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင်ရှိတဲ့ကိုယ်စားလှယ် ၅၈၆ ဦးမှာ တစ်ဦးသာပျက်ကွက်ခဲ့ပြီးကိုယ်စားလှယ် ၅၈၅ ဦးတက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုလွတ်တော်တပ်ကိုယ်စားလှယ်များကနေ ဒုသမ္မတ(၁)ဦး ၊ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေလည်း သမ္မတ(၁)ဦးစီ ရွေးချယ်တင်ပြလာမှာဖြစ်ပြီး ဒါကို ပြည်ထောင်စုလွှတ်တော်က စိစစ်တင်မြှောက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို သင်္ကြန်မရောက်မှီအထိ ကျင်းပဖို့ရှိနေကြောင်း လွှတ်တော်အတွင်း သတင်းရယူနေတဲ့ ပြည်တွင်းမီဒီယာတွေရဲ့ သတင်းတွေအရ သိရပါတယ်။

နောက်ထပ် တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်လည်း ဒီနေ့မှာ ခေါ်ယူနေကြတာဖြစ်ပြီး ပြည်နယ်နဲ့တိုင်း (၁၄)နေရာမှာ အသီးသီးကျင်းပနေတာလည်း ဖြစ်ပါတယ်။

ဒီလွှတ်တော်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ရွေးချယ်ခံထားရတဲ့ကိုယ်စားလှယ်များနဲ့ တပ်ကိုယ်စားလှယ်များ ပါဝင်ပြီး ပြည်နယ်(၇)ခုနဲ့ တိုင်း(၇)ခုတို့မှာ လွှတ်တော်တစ်ခုစီရှိကြပါတယ်။

သူက ဒေသန္တရ သက်ဆိုင်ရာဒေသအလိုက် ဥပဒေပြုခြင်း၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များကို ထိန်းကျောင်းခြင်းနဲ့ဘတ်ဂျက်ငွေအတည်ပြုခြင်းများကို လုပ်ဆောင်ရပါတယ်။

စစ်ကိုင်းတိုင်း  မုံရွာမြို့မှာကျင်းပနေတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ  ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ(ကျားမင်းပါတီ)က  ကိုယ်စားလှယ်ဦးစံလှစိုးကတက်ရောက်နေသလို ကချင်ပြည်နယ်က မြစ်ကြီးနားမြို့က ပြည်နယ်လွှတ်တော်အစည်းအဝေးကို ကျားနီပါတီမှ ဦးဉာဏ်ထွန်းနဲ့ ဦးဇင်မောင်လွင် တို့ကိုယ်စားလှယ်(၂)ဦးလည်း တက်ရောက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *