
ဒီဇင်ဘာ ၂၈ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် ဆင်ကန်ကျေးရွာက နေအိမ်တစ်လုံးနှင့် စပါးကျီတစ်လုံး စစ်ကောင်စီ၏လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်ဆီကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့က သိရှိခဲ့ရပါတယ်။
“ တစ်နေ့ကလေ ဆင်ကန်မှာနေထားတာ သူတို့။ တစ်လက်လောက်ရှိပြီတဲ့ ကခ(KIA) နေထားတာ။ နောက်မှ သူတို့(စစ်ကောင်စီ)ထိုးခဲ့တဲ့နေ့ကြတော့လည်း ဟိုကောင်တွေက ထိန်ဆုံဘက်ကို ပြေးသွားပြီပြောတယ်။ မရှိတဲ့နေ့မှ ထုလာတယ်ပြောတယ်လေ။ အိမ်တစ်လုံးနှင့် စပါးကျီ တစ်လုံးတော့ ထိတယ်ပြောတာပဲ။ လူကိုတော့ အထိအခိုက်မရှိဘူးပြောတယ်။” လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။
ဆင်ကန်းကျေးရွာမှာ (KIA+PDF) ပူးပေါင်းတပ်များက တပ်စွဲထားတာဖြစ်ပြီး ဗန်းမောက်မြို့ကနေ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့ပြီးနောက် လက်နက်ကြီးနဲ့ ပစ်ခတ်ရာကနေလို့ လူနေအိမ်တစ်လုံးနှင့် စပါးကျီတစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးစဉ် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်စဉ် ဆင်ကန်ကျေးရွာက အမျိုးသမီးတစ်ဦးလည်း (KIA+PDF) ပူးပေါင်းတပ်များ ထောင်ထားတဲ့ မိုင်းကို နင်းမိရာကနေ ခြေတစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မိုင်းနင်းမိမှုကြောင့် ပေါက်ကွဲသွားတဲ့မိုင်းကြေး(မိုင်းတန်ဖိုး) တစ်သိန်းကျပ် ပေးလျော်ခဲ့ရတယ်လို့ ပြောဆိုနေပေမယ့် ရှမ်းနီအသံအနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။