လက်နက်ကြီးကြောင့် ဖားကန့်မြို့နယ်မှာ တစ်ရက်တည်း ဒေသခံ(၂)ဦးသေဆုံး ၊ (၁၁)ဦးဒဏ်ရာရ  

စက်တင်ဘာ ၁၇ ၊  ဖားကန့် 

ဖားကန့်မြို့နယ်မှာ မနေ့က စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း စစ်ကောင်စီရဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံ(၂)ဦးသေဆုံးခဲ့ပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့နယ်အတွင်းနေထိုင်သူတွေကနေ သိရပါတယ်။

ဖားကန့်မြို့ပေါ်  ငှက်ပျောတောရပ်ကွက်မှာ  နေ့လည်ပိုင်း(၁)နာရီခွဲဝန်းကျင်အချိန်မှာ  လူသွားလမ်းပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၂)ဦးထိမှန်သေဆုံးခဲ့ပြီး (၅)ဦးဒဏ်ရာရရှိခဲ့တယ်လို့  မြို့တွင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် တစ်ရက်တည်း   ဖားပြင်ကျေးရွာ နဲ့ မှော်တောင်းကျေးရွာတွေမှာလည်း လက်နက်ကြီးတွေကြောင့်  ကျေးရွာဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

ဆိပ်မူကျေးရွာဘက်ကိုလည်း ယခုလိုလက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ကာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူတွေရှိနေပြီး စာရင်းတိတိကျကျ မသိရသေးပါဘူး။

ဆိပ်မူကျေးရွာမှာ စစ်ကောင်စီနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေတာ (၁၁)ရက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး  စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ ဖားကန့်မြို့ ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုကြပါတယ်။

 “ ဖားကန့်ကအိမ်တွေမထိဘူး ဆိပ်မူကတော့ တော်တော်ဆိုးသွားတယ် စဖြစ်တဲ့၇ရက်နေ့ကနေ ဒီနေ့ဆို(၁၁)ရက်မြောက်နေ့အထိ လေယာဉ်ဗုံးကြဲတာရယ် လက်နက်ကြီးရယ် တမင်မီးရိူ့တာရယ်ကြောင့် အိမ်တွေအများကြီး မီးလောင်ပြာကျပျက်စီးသွားပြီ’  ဟု ဆိပ်မူကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဆိပ်မူကျေးရွာတွင်းက ရပ်ကွက်(၃)၊ ရပ်ကွက်(၄)တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် အိမ်ခြေ(၂)ရာခန့် ပျက်စီးခဲ့ပြီး ရပ်ကွက်(၄)တစ်ရပ်ကွက်လုံးနီးပါး ပြာကျဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *